မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်မှာ စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့က အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ ဒေသတွင်းရှိ လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပြန်ရောင်းစားနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ပြည်နယ်အတွင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတွေ လစဉ်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးနေတာပါ။
အခုနောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်းက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ အထိ တောင်းခံပြီး ပြန်ရောင်းစားနေတယ်လို့ ဆိုပါတယ်။
“ဒီနောက်ပိုင်း စစ်မှုထမ်းလိုရင် တပ်နဲ့ရဲကို ဆက်သွယ်လိုက်ရင် ရပြီ။ သူတို့ ဖမ်းထားတဲ့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက ပြန်ဝယ်ကြတယ်။ ဈေးကွက်တစ်ခုလိုတောင် ဖြစ်လာပြီ”လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်း သင်တန်းတွေ ပုံမှန်ဖွင့်လှစ်နိုင်ဖို့အတွက် ဒေသတွင်းက လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သားအဖြစ် ကြိုတင်စုဆောင်းထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ တပ်ရင်း ဒါမှမဟုတ် ရဲစခန်း တစ်ခုလျှင် စစ်မှုထမ်းအတွက် အနည်းဆုံး လူငယ် လေးဦးကနေ ၁၀ ဦးအထိ စစ်မှုထမ်းတပ်သားအဖြစ် ကြိုတင်စုဆောင်းခံထားရတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

