ပုလော၊ ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအခြေစိုက် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ – ၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ အဲဒီစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လက်နက်ကြီးနဲ့လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်ရဲ့ ရေတပ်ကနေ လက်နက်ကြီး ၇ လုံး ပစ်ခတ်ပြီး လေကြောင်းကနေလည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြီး နောက်တစ်ရက်မှာတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာ တောင်ခေါင်းလောင်းကျေးရွာအနီး ပြန်ရောက်လာပြီး ကင်းပုန်းဝပ်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA

