ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆
ဂါဇာမှာ ပြန်လည် တည်ဆောက်ရေးနဲ့ လူသားချင်းစာနာထောက်ထားရေး ကြိုးပမ်းမှုတွေ အတွက် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အဖွဲ့ဝင်တွေက ဒေါ်လာ ၅ ဘီလီယံ ပေးမယ်ဆိုတဲ့ ကတိကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြေညာမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က လူမှုမီဒီယာ ဖော်ပြချက်မှာ ထရန့်က အဲဒီ ပါလက်စတိုင်းဒေသမှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ ခွင့်ပြုထားတဲ့ တည်ငြိမ်ရေး တပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ဖို့လည်း အဖွဲ့ဝင် နိုင်ငံတွေက ကတိပြုထားတယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့စတင်ဖွဲ့စည်းပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်မှာ ကျင်းပမယ့် ပထမဆုံး အစည်းအဝေးကို အိမ်ဖြူတော်က မကြာသေးခင်က သမ္မတ အမည်ပြောင်းလဲထားတဲ့ ဒေါ်နယ် ဂျူနီယာ ထရန့် ငြိမ်းချမ်းရေး အင်စတီကျု့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင်တွေအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ကိုယ်စားလှယ်တွေ အစည်းအဝေး တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
တူရကီ၊ အီဂျစ်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနဲ့ အစ္စရေး အပါအဝင် ဒေသဆိုင်ရာ အင်အားကြီးတွေနဲ့ အင်ဒိုနီးရှားလို ထွန်းသစ်စနိုင်ငံတွေဟာ အဲဒီ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ထဲ ဝင်ရောက်ထားပါတယ်။
ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ အမေရိကန်ရဲ့ အစဉ်အလာ ဥရောပ မဟာမိတ်တွေကတော့ ပိုမို သတိထား နေကြတာ တွေ့ရပါတယ်။
အမြဲတမ်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုတဲ့ နိုင်ငံတွေအနေနဲ့ ဒေါ်လာ ၁ ဘီလီယံ ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ဒီအဖွဲ့ဟာ ငွေပေးနေသလောက် အဖွဲ့ဝင် ဖြစ်ခွင့် ပြုမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နေရာမှာ အစားထိုးမယ့် အဖွဲ့ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဇန်နဝါရီက ဒါးဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှား၊ ပြင်သစ်၊ အီတလီ၊ နယူးဇီလန်နဲ့နော်ဝေး အပါအဝင် နိုင်ငံ တချို့က အဖွဲ့ဝင် ဖြစ်ဖို့ ငြင်းဆိုထားပါတယ်။
အစ္စရေးနဲ့ ဂါဇာရှိ ဟားမာ့စ်အဖွဲ့ကြား စစ်ပွဲ အဆုံးသတ်ရေး ထရန့် အစိုးရရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ အဲဒီ ငြိမ်းချမ်းရေး အဖွဲ့ကို လက်ခံ အတည်ပြုထားပါတယ်။
စစ်ခင်းနေတဲ့ နှစ်ဖက်ကြား အောက်တိုဘာလက တရားဝင် အပစ်အခတ် ရပ်စဲမှုနဲ့ အတူ အခု အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့ပေမယ့် အပစ်အခတ်ရပ်စဲမှု ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။
အပစ်အခတ်ရပ်စဲမှု စတင်ပြီးနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ ပါလက်စတိုင်းသား ၅၉၀ သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ ကာလအတွင်းမှာပဲ ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သား လေးဦး သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ဒီအတောအတွင်း ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ကူညီရေး အင်ဒိုနီးရှားက တပ်ဖွဲ့ဝင် ၈၀၀၀ အထိ စေလွှတ်ဖို့ အသင့်ရှိကြောင်း သိရပါတယ်။
ပါလက်စတိုင်း ခေါင်းဆောင်ကတော့ ဂါဇာ အပစ်အခတ်ရပ်စဲမှုနဲ့ ပတ်သက်တဲ့ အစ္စရေးရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းထားပါတယ်။
Ref:Agencies

