မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇

စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အစိုးရတို့က မတူညီတဲ့ အကြောင်းတရားတွေနဲ့ ပံ့ပိုးမှုတွေ အားပြိုင်လာတော့မှာပါ။

နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်ကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းအတွင်း အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ အမေရိကန်နဲ့ တရုတ်အစိုးရတို့က လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ရှိနေပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ငွေကြေးအကူအညီ ပေးအပ်မှာဖြစ်ပြီး တရုတ်အစိုးရကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ အသိပေးထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘက်နှစ်ဘက်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအနေအထားအပေါ် နိုင်ငံတကာအကူအညီတွေ ပံ့ပိုးမှုဟာ တစ်စုံတစ်ရာ အသက်ရှူချောင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုကျတော့ မြန်မာပြည်က အရင်က ကျွန်တော်တို့ နောက်နေသလို တောင်မြန်မာ မြောက်မြန်မာ ကွဲသလို ဖြစ်နေတယ်။ မြောက်မြန်မာတော့ တရုတ်ထောက်ပံ့ထားတဲ့ မြန်မာပြည်က တစ်စုပေ့ါဗျာ။ အခုရွေးကောက်ပွဲလုပ်သွားတဲ့ နေရာတွေနဲ့ စစ်ကောင်စီ (စစ်ကော်မရှင်) နဲ့ အပေါင်းအပါတချို့နဲ့ နောက်တစ်ခါ ဒီဘက်ကတော့ တော်လှန်ရေးအုပ်စုတွေ အုပ်ချုပ်နေတဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ အုပ်စုဆိုပြီး သိသိသာသာ ကွဲသွားတော့ အခုလိုမျိုး နိုင်ငံတကာအကူအညီတွေက တစ်စုံတစ်ရာ အသက်ရှူချောင်မယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။

Burma Act ဥပဒေအရ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ဒေါ်လာ ၁၂၁ သန်း ပါဝင်တဲ့ ၂၀၂၆ ခုနှစ် အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီထဲမှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ သင်တန်းတွေ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အရေး၊ အကြမ်းဖက်မှုတွေအတွက် သက်သေစုဆောင်းတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီရေးအတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် CDM ပြုလုပ်သူတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ၊ နေရပ်စွန့်ခွာ စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ၊ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးတို့အတွက်လည်း ပါဝင်ပါတယ်။

ဒီအတွက် အမေရိကန်အစိုးရရဲ့ ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့မှုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့်ခွဲမှာဖြစ်ပြီး စစ်ရှောင်တွေအတွက် လိုအပ်တဲ့ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတို့မှာ သက်သာရာရမယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။

တရုတ်အစိုးရကတော့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးတွေကနေ ပိုမိုကျယ်ပြန့် ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးတည်ငြိမ်အောင် ပူးပေါင်းထိန်းသိမ်းကြဖို့ ထောက်ခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Lin Jian က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ရရှိစေဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Bloomberg သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က တရုတ်အစိုးရရဲ့ ပံ့ပိုးမှုဟာ ပြည်တွင်းက စီမံကိန်းတွေ ချောမွေ့အောင် ရှေးရှုပြီး စစ်တပ်က တိုက်ပွဲတွေ လျှော့ချကာ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို Sugar-coated (နာဝင်ချိုအောင်) လုပ်ထားတာပါ။ ငါ့အကျိုးကို ဆက်လုပ်လေ မင်းတို့လည်း (စစ်တပ်/စကမ) ရွေးကောက်ပွဲတွေ သုံးခါ လုပ်ပြီးလို့လည်း မင်းတို့ နိုင်ပြီ။ အဲဒီတော့ ငါ့အကျိုးကို မင်းတို့ရှေးရှု ၊ ငါ့အကျိုးက ဘာလဲဆိုတဲ့အခါကျတော့ တိုက်ရိုက်ဘာသာပြန်လိုက်ရင် ငါ့အကျိုးက ငါ့ရဲ့ စီမံကိန်းတွေ အားလုံးကို ချောချောမွေ့မွေ့နဲ့ လုပ်နိုင်အောင် မင်းတို့ ဝိုင်းလုပ်။ ငါလည်းပဲ (တရုတ်အစိုးရ) ငါပိုင်တဲ့ နိုင်တဲ့ ကောင်တွေကို (မြောက်ပိုင်းအဖွဲ့) ထိန်းပေးမယ်။ မင်းတို့ကလည်း အဲဒီလိုကောင်မျိုးကို လိုက်ရှာပြီးတော့ တိုက်ပွဲတွေ သိပ်မဖြစ်တော့ဘဲနဲ့ ငါ့အကျိုးကို ရှေးရှုတဲ့ ငြိမ်းချမ်းရေးကို လုပ်ပေး။ (တရုတ်အစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေး ပံ့ပိုးမှု) အတိုချုပ် ဘာသာပြန်လိုက်ရင် အဲဒီပါပဲနော်”လို့ ဆိုပါတယ်။

ISP Myanmar ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိနေတာပါ။

ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် ကချင်က မြစ်ဆုံဆည်နဲ့ ကန်ပိုက်တီနယ်စပ်စီးပွားရေး၊ အလယ်ပိုင်းက ကြေးနီစီမံကိန်း၊ ရခိုင်ကနေ ရှမ်းမြောက်အထိ အမြန်လမ်းနဲ့ မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်းစတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ရှိနေပါတယ်။

တစ်ဘက်မှာ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာခဲ့ပြီး ၅ နှစ်တာအတွင်း အင်အားကြီး နိုင်ငံတွေရဲ့ အကူအညီပေးမှုကို တော်လှန်ရေးအင်အားစုတွေက မရရှိခဲ့ကြဘဲ ပြည်သူတွေရဲ့ ထောက်ပံ့မှုအားနဲ့ ဒီကနေ့ အခြေအနေအထိ ရောက်ရှိလာတာပါ။

စစ်တပ်ကတော့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်အစိုးရရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ နိုင်ငံရေး စစ်ရေးဆိုင်ရာ အကူအညီတွေ ရရှိခဲ့တဲ့အတွက် ပဋိပက္ခတွေကြား ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်‌နေ့ကလည်း မြန်မာနိုင်ငံဘက်အသီးသီးက ရွေးကောက်ပွဲကနေတဆင့် တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းနိုင်ရေး တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ပြောကြားခဲ့သေးတာပါ။

ဒီအပေါ် အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရဟာ ဟန်ပြသာဖြစ်လို့ တရုတ်အစိုးရရဲ့ မျှော်လင့်ချက်ဟာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ဖြေကြားခဲ့ပါတယ်။

ဦးကြီးမြင့်ကတော့ တရုတ်အစိုးရနဲ့ ဆက်ဆံရေးအရရော နယ်နိမိတ်အရပါ နီးစပ်တဲ့ မြောက်ပိုင်းအဖွဲ့တွေကို ညှိနှိုင်းဆွေးနွေးရေးခေါင်းစဉ်နဲ့ စစ်တပ်ရွေးကောက်ပွဲကနေတဆင့် ပေါ်လာမယ့် အစိုးရက စည်းရုံးလိမ့်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ဒါပေမယ့် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်အဖွဲ့ KIA၊ ကရင်အဖွဲ့ KNU ၊ ချင်းအဖွဲ့ CNF ၊ ကရင်နီအဖွဲ့ KNPP နဲ့ ရခိုင်အဖွဲ့ AA တို့ကိုတော့ စည်းရုံးလို့ ရမှာ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

တရုတ်အစိုးရအနေနဲ့ ရှမ်းမြောက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာ့အရေးမှာ နယ်စပ်တည်ငြိမ်‌ရေးအကြောင်းပြပြီး ကြားဝင်ညှိနှိုင်းမှု ခေါင်းစဉ်နဲ့ ဝင်ရောက်စွက်ဖက်လာတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို တဆင့်တိုးပြီး အရှိန်မြှင့်တင်ပေးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို တရုတ်အစိုးရက နိုင်ငံရေးအရ ဖိအားပေးခဲ့ပါတယ်။

ဒါ့အပြင် UWSA ခေါင်းဆောင်တွေကိုလည်း တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ၂၀၂၄ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ တွေ့ဆုံကာ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုခဲ့တာပါ။

ဒီအတွက်ကြောင့် လက်ရှိအချိန်မှာ စစ်တပ်အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်ခန်းရပ်ခဲ့ရပြီး MNDAA နဲ့ TNLA တို့လည်း သိမ်းပိုက်နယ်မြေတချို့ လက်လွှတ်ခဲ့ရသလို စစ်တပ်နဲ့လည်း အပစ်ခတ်ရပ်စဲထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.