ဘီးလင်း၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ မကြာခဏ တွေ့ရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ ကျေးရွာချင်းလမ်းပိုင်းတွေဖြစ်တဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းနဲ့ဘီးလင်း-နတ်ကြီးလမ်းပိုင်းတွေမှာ အခုနှစ်ဆန်းပိုင်းကစလို့ မြေမြှုပ်မိုင်းတွေကို ဒေသခံတွေက မကြာခဏဆိုသလို တွေ့ရှိနေတာပါ။

အများပြည်သူ သွားလာအသုံးပြုနေတဲ့လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ တွေ့ရှိနေတာကြောင့် ဥယျာဉ်ခြံနဲ့ လုပ်ငန်းခွင်တွေအပါအဝင် မိသားစု ဝမ်းစာရေးအတွက် နေ့စဉ် သွားလာလှုပ်ရှားဖို့ပင် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အခုနှစ်ဆန်းပိုင်းအတွင်း ဘီးလင်းမြို့နယ်က အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ့ရှိမှု ၁၀ ကြိမ်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

အထူးသဖြင့် မြေမြှုပ်မိုင်းတွေ့ရှိမှုကို စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ ဘီးလင်း – တောင်စွန်းလမ်းပိုင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဘီးလင်း – နတ်ကြီးလမ်ပိုင်းတွေမှာ အများဆုံး တွေ့ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မဲလံကျေးရွာလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့သွားတဲ့ မဲလံရွာခံ ကိုပြည့်ဖြိုးကျော်ဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒေသခံတွေကတော့ ဒီမြေမြှုပ်မိုင်းတွေကို သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးဖို့ လိုလားနေကြပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.