မော်စကို၊ ဇန်နဝါရီ ၁၇
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတကာ အခြေအနေ ယိုယွင်း ပျက်စီးလာနေပြီး ကမ္ဘာကြီးဟာ အန္တရာယ်ပိုများလာနေတယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောထားပါတယ်။
ဒါပေမဲ့ ဗင်နီဇွဲလား၊ အီရန်တို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့တော့ သူက နှုတ်ဆိတ်နေကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

ပူတင်က ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန် ဖြုတ်ချ ဖမ်းဆီးမှု၊ အီရန်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်နေမှု ဒါမှမဟုတ် ဂရင်းလန်းကို အမေရိကန် ရယူမယ့် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက်ပြုတာ မရှိသေးပါဘူး။
နိုင်ငံတကာ အခြေအနေ ပိုပြီး အန္တရာယ်များလာနေပြီး ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အရှိန်မြင့်မားလာနေသလို ပဋိပက္ခ ဖြစ်ပွားလာနိုင်တဲ့ နေရာ အသစ်တွေလည်း ရှိလာကြောင်း ပူတင်က ပြုံးပြုံးလေးနဲ့ ပြောဆိုခဲ့တာပါ။

ကရင်မလင်နန်းတော်မှာ သံတမန် အသစ်တွေကို နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းအတွင်း ပူတင်က အခုလိုမျိုး ပြောကြားခဲ့ပေမယ့် အမေရိကန်နဲ့ ဒေါ်နယ် ထရန့်ရဲ့ နာမည်ကို ထည့်သွင်း ပြောဆိုတာတော့ မတွေ့ရပါဘူး။
ဥရောပမှာ လုံခြုံရေး တည်ဆောက်မှု ပုံစံအသစ်အတွက် ရုရှားရဲ့ အဆိုပြုချက်တွေကို ဆွေးနွေး ညှိနှိုင်းကြဖို့လည်း ပူတင်က တိုက်တွန်းပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး စစ်ပွဲ ဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်ပြဿနာ ဖြစ်ပြီးနောက် ရုရှားနဲ့ အနောက်တိုင်းကြား အကြီးမားဆုံး ထိပ်တိုက်တွေ့မှု ဖြစ်ပွားနေပါတယ်။
ရုရှားက ငြိမ်းချမ်းရေး ရယူလိုကြောင်း ပြောကြားထားပေမယ့် ယူကရိန်းမှာ လက်ရှိ သိမ်းပိုက်ထားနိုင်တဲ့ နယ်မြေတွေကို ရယူဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အထမမြောက်အောင် လုပ်ဆောင်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
အေးလွန်းတဲ့ ဆောင်းရာသီအတွင်း ရုရှားက ယူကရိန်းရဲ့ စွမ်းအင် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးနေတာကြောင့် ယူကရိန်း ပြည်သူအများ အပူပေးစက် အသုံးမပြုနိုင် ဖြစ်နေပါတယ်။
ရုရှားရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေနဲ့ အဆက်မပြတ် ရင်ဆိုင်နေရချိန်မှာ သမ္မတ ဇီလန်စကီးက အနောက်တိုင်းရဲ့ လေကြောင်းရန် ကာကွယ်ရေး ထောက်ပံ့ပေးမှု လုံလောက်မှု မရှိကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောပါတယ်။
မိမိတို့ လက်ခံ ရရှိထားတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အများကြီးမှာ ဒုံးကျည်တွေ မရှိ ဖြစ်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ရုရှား တိုက်ခိုက်မှုတွေကြောင့် ကိဗ်မြို့ရှိ စာသင်ကျောင်းတွေကို ဖေဖော်ဝါရီလအထိ ပိတ်ထားမှာ ဖြစ်ကြောင်း မြို့တော်ဝန်က ကြေညာထားပါတယ်။
အပူချိန် အနုတ် ၁၉ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေချိန်မှာ ရုရှား တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း စွမ်းအက် အခြေခံ အဆောက်အဦတွေ ထိခိုက် ပျက်စီးနေတာကြောင့် ပြည်သူအများ လျှပ်စစ်မီး မရ ဖြစ်နေရပါတယ်။
ယူကရိန်း မဟာမိတ်တွေအနေနဲ့ ဒုံးကျည်တွေ ပေးပို့ကြဖို့ ဇီလန်စကီးက လူမှုမီဒီယာက တစ်ဆင့် တိုက်တွန်းထားပါတယ်။
အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ မဆုံးရှုံးရစေရေး မဟာမိတ်တွေ အနေနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေအတွက် ဒုံးကျည်တွေ မပြတ် ပေးပို့ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်း ထောက်လှမ်းရေးက ရုရှားက ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတိပေးထားပါတယ်။
Ref:Reuters/BBC

