ရေး၊ ဇန်နဝါရီ ၁၆
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား သုံးဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ရေးပြောက်ကျားတပ် YGF က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်တဲ့ စစ်မှုထမ်း တပ်သား သုံးဦးဟာ တပ်သား အောင်ဆန်းလင်း၊ တပ်သား ခင်မောင်စိုး၊ တပ်သား ဇီးလေးတို့ ဖြစ်ပြီး သူတို့ သုံးဦးဟာ စစ်မှုထမ်း အပတ်စဉ် ၁၆ ဆင်း သင်တန်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတပ်သား သုံးဦးဟာ MA3 သေနတ် နှစ်လက်၊ကျည်ဘောက် နှစ်ခု၊ ကျည် ၄၈ တောင့်တို့နဲ့ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် အမှတ် ၂၉၉ ခြေလျင်တပ်ရင်းက တပ်သား နှစ်ဦးဟာ ရေးပြောက်ကျားတပ် YGF ထံ အလင်းဝင်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတိုင်စစ်ဌာနရဲ့ တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးပြောက်ကျားတပ် YGF ကတော့ စစ်ကော်မရှင်တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲကာလအတွင်းမှာပဲ စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေဟာ သင်တန်းပြီးနောက် ရှေ့တန်းတွေကို ချက်ချင်း ပို့ဆောင်ခံရတာ၊ တပ်တွင်း ဖိနှိပ်မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေထံ နေ့စဉ်နဲ့အမျှ အလင်းဝင်ရောက်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YGF

