ထားဝယ်၊ ဇန်နဝါရီ ၁၅
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ် ရပ်ကွက်တွေနဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်က စစ်မှု ထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ထား ဝယ်မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ အဓမ္မဖမ်းဆီးနေတာပါ။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ မကျင်းပမီ တစ်ရက်အလိုကတည်းက ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ လူငယ်တွေကို ပိတ်ဆို့ဖမ်းဆီးခဲ့သလို နေအိမ်အတွင်းအထိ ဝင်ရောက်ဖမ်း ဆီးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးရာမှာလည်း လူငယ်တွေအများအပြား ရှိနေတက်တဲ့ လက်ဖက်ရည်ဆိုင်၊ထန်းရည်ဆိုင်နဲ့ ရပ်ကွက်တွေမှာ လှည့်လည် ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်က ခရီးသွားလူငယ် ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာလည်း စစ်မှုထမ်းအကြုံးဝင်တဲ့ ခရီးသွား လူငယ်အမျိုးသားတွေကို အတင်းအဓမ္မစစ်ဆေးဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းအတွက် ရေဖြူမြို့နယ်အခြေစိုက် ကလိန်အောင်တပ်ရင်းထံ ပို့ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်နဲ့ ဝဲကျွန်းရပ် ကွက်တွေမှာ စစ်ကော်မရှင်တပ်က အင်အားအများပြားနဲ့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်အမျိုး သား ၈၀ နီးပါး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

