မော်လမြိုင် ၊ ဇန်နဝါရီ ၁၅

နိုင်ငံတော် အဓွန့်ရှည် တည်တံ့ရေးအတွက် စစ်မှုထမ်းဆောင်မှုအပေါ် ပြည်သူတစ်ရပ်လုံး စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင် လာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က မော်လမြိုင်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ နယ်မြေခံသင်တန်းကျောင်းမှာ ပြု လုပ်တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းတက်ရောက်မယ့် စစ်မှုထမ်း စုဆောင်းခံရတဲ့ လူငယ်တွေနဲ့ သွားရောက်တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

ဦးအောင်ကြည်သိန်းက ပြည်သူတစ်ရပ်လုံး ပြည်သူ့စစ်မှုထမ်းတွေရဲ့ စစ်မှုထမ်းဆောင်မှုအပေါ် ပူးပေါင်းပေးကြဖို့နဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေနဲ့ မှားယွင်းစွာ ထင်မြင်နေမှုတွေကို ပပျောက်စေအောင်လုပ်ဖို့ တိုက်တွန်းခဲ့တာပါ။

စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ပြောဆိုမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပြီး လူငယ်အများစုဟာ စစ်မှုထမ်းပြီး စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားရေးအတွက် အသက်ပေးနေရတာလို့ တုံ့ပြန်ပါတယ်။

မွန်ဒေသခံ လူငယ်တစ်ဦးက စစ်မှုထမ်းအတွက် ပြည်သူတွေကို ပူးပေါင်းပေးဖို့ ပြောဆိုတာထက် အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံတဲ့သူတွေကိုသာ စစ်မှုထမ်းခိုင်းလိုက်ရင် ပိုပြီး အဆင်ပြေမယ်လို့ သူ့အမြင်ကို သံလွင်တိုင်မ်းကို ပြောပါတယ်။

“လူငယ်တွေကို လိုက်စုဆောင်းတာထက်စာလို့ရှိရင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို ထောက်ခံနေတဲ့သူတို့ သားသမီးတွေကို ခေါ်ပြီးတော့ စစ်မှုထမ်းခိုင်းရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ တချို့ လူငယ်တွေက မိသားစုအရေး အဆင်မပြေဘဲနဲ့ကို စစ်မှုထမ်းထဲမှာ ပါသွားတာတို့ ရှေ့တန်းရောက်ပြီး သေဆုံးသွားတာတို့ ရှိတယ်။ အမှန်တကယ် စစ်အုပ်စုကို ထောက်ခံနေတဲ့ ပါတီပဲ ဖြစ်ဖြစ်ပေါ့။ လူတစ်ဦးချင်းဖြစ်ဖြစ် သူတို့ ကိုယ်တိုင် သူတို့ စစ်မှုထမ်း လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ စစ်မှုထမ်း လူငယ်စုဆောင်းတဲ့ ဥစ္စာ မရှိတော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသင်တန်းတက်ရောက်သူအများစုဟာ အတင်းအဓမ္မ ဖမ်းဆီးခံရတာကြောင့်သာ စစ်မှုထမ်းဆောင်နေရတာဖြစ်ပြီး လူငယ်ဘယ်နှစ်ဦး စစ်မှုထမ်းလိုခြင်း ရှိ မရှိ မေးမြန်းနိုင်တယ်လို့ သူက မေးခွန်းထုတ်တာပါ။

မြေပြင်မှာတော့ စစ်ကော်မရှင်ဟာ စစ်မှုထမ်းအတွက် ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို ငွေကြေးနဲ့ ငှားရမ်းဝယ်ယူတာ၊ ညပိုင်းအပြင်ထွက်သွားလာတဲ့ လူငယ်တွေ ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းမှုကို ဖမ်းဆီးတာအပြင် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ သင်တန်းပြီးနောက် ရှေ့တန်းတွေကို ချက်ချင်း ပို့ဆောင်ခံရတာကြောင့် ထိခိုက်သေဆုံးမှု များပြားနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချ အလင်းဝင်တာတွေ ရှိနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်၁ ကနေ အပတ်စဉ် ၂၀ အထိ ဒေသတွင်းက စစ်မှု ထမ်းနဲ့ အကြုံးဝင်တဲ့ လူငယ် ၄၀၀၀ နီးပါး စစ်သား စုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.