နေပြည်တော် ၊ ဇန်နဝါရီ ၇

အထွေထွေရွေးကောက်ပွဲရဲ့ ကြိုတင်မဲတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ဝေဖန်မှုတွေ ရှိနေတဲ့ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

ဦးသန်းစိုးက ကြိုတင်မဲပေးတာ၊ ရေတွက်တာ၊ ဆန္ဒမဲစာရင်းပြုစုတာနဲ့ ကပ်ထားကြေညာတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဥပဒေ၊ နည်းဥပ‌ဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ အသိသက်သေတွေအပြင် အများပြည်သူကို ဖိတ်ကြားပြီး တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီအများစုက ကြိုတင်မဲကောက်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေကို ပွင့်လင်းမြင်သာစွာ ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP အတွင်းရေးမှူး(၂) နော်သဇင်တုပ် UEC ဘက်က ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင်္ကာရင် ပုံစံ (၁၃ -၁) နဲ့လျှောက်ထားပြီး စိစစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုတင်မဲ ကိစ္စနဲ့ပတ်သက်ရင် ကျွန်မတို့ သတင်း အချက်အလက် အကုန်မရနေတာလည်း ရှိတာပေါ့နော်။နောက်တချို့ကိစ္စတွေမှာ ပွင့်လင်း မြင်သာမှ မရှိတာတွေလည်း ရှိတာပေါ့နော်။ သူတို့ဘက်က မသင်္ကာရင် ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ (၁၃-၁)နဲ့ ပြန်ပြီးတော့ တောင်းဆိုပြီးတော့မှ ပြန်ပြီးတော့ စိစစ်နိုင်တယ်ဆိုတာ လေးတွေပေါ့နော်။ အဲဒါလေးတွေတော့ သူ့ဘက်က နေပြီးတော့ ပြောသွားပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတွေ့ဆုံပွဲမှာ ပါတီအများစုဟာ ကြိုတင်မဲကြောင့် ရှုံးနိမ့်မှု ကြုံတွေ့ ရတဲ့အတွက် ကြိုတင်မဲနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေး တင်ပြကြသလို မဲစာရင်းတွေ အမှားများတဲ့အတွက် မဲပေးခွင့် အများကြီးဆုံးရှုံးတဲ့အပေါ်မှာလည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သုံးသပ်သူတစ်ဦးကတော့ စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲရဲ့ ကြိုတင်မဲ တွေဟာ အရင် ၂၀၁၀ က ပြုလုပ်ခဲ့တဲ့ ကြိုတင်မဲထက် အခြေအနေ ဆိုးတယ်လို့ ဝေဖန်တာပါ။

“ကျွန်တော်တို့က ပြန်ပြီးတော့ စာရင်းဇယားတွေ ပြန်ကြည့်ရင်တော့ စာရင်းဇယားတွေက ၂၀၁၀ ထက်ကို ၂၀၂၅ က တော်တော်လေးကို ဆိုးတယ်။ UEC ရဲ့ ထူးခြားချက်တစ်ခုကတော့ မဲဆန္ဒရှင် စာရင်းမပါဘဲနဲ့ မဲလာပေးတဲ့သူ စာရင်းနဲ့ရတဲ့ ကိုယ်စားလှယ်ရဲ့ မဲနဲ့ပဲ ရာခိုင်နှုန်းတွေ ရေးထားတာဆိုတော့ ဒါတော်တော်လေးကိုပေါ့နော်။ အမှန်တကယ်ဆိုရင်တော့ သူတို့က မဲရုံမှာ မဲလာပေးတဲ့ မဲနဲ့ ကြိုတင်မဲ အဲဒီနှစ်ခု ပေါင်းပြီးတော့ ရာခိုင်နှုန်းတွေ ဖွဲ့လို့ရတယ်။ အမှန်တကယ်ဆိုရင်တော့ မဲပေးခွင့်ရှိသူကို အခြေခံပြီးတော့ ဘယ်လောက် ရာခိုင်နှုန်း လာပေးတယ်ဆိုတဲ့ ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ဒီလိုမျိုး ထုတ်ပြန်ထားတာ။၂၀၂၅ ကတော့ အံ့ဩစရာ အကောင်းဆုံး ပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် ကြိုတင်မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တခြား နိုင်ငံရေးပါတီတွေထက် စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကသာ အများဆုံး မိုးနဲ့မြေလောက်ကွာတဲ့အထိ ရရှိတာဟာ မဲလိမ်ပြီး အနိုင်ရအောင် လုပ်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကော်မရှင်က ပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကတည်းက ကြိုတင်မဲနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေအပြင် မဲဆန္ဒရှင်တွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ အပိုင်း၂ နဲ့ အပိုင်း ၃ ကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့၊ ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.