မော်လမြိုင်၊ ဒီဇင်ဘာ ၁၉
ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၉၀ ကျော်အထိ စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာပထမပတ်အတွင်းက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၇ သိန်းဝန်းကျင်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ကျပ်သိန်း ၉၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။
ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်ရတာဟာ ကမ္ဘာ့ ရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကလည်း ရွှေတစ်အောင်စကို ဒေါ်လာ ၄၂၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၄၃၃၀ ဝန်းကျင်ထိ ဈေးနှုန်းထိုးတက်လာတာပါ။
ကမ္ဘာ့ရွှေဈေးမြင့်တက်မှုဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်တာ၊ အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုတွေအပါအဝင် ကမ္ဘာ့အရပ်ရပ် စိုးရိမ်ပူပန်မှုတွေကြောင့် ရွှေဝယ်လိုအား မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း ရွှေဆိုင်တချို့ အရောင်းအဝယ် ပိတ်ထားသလို တချို့ ရွှေဆိုင်တွေအနေနဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ငါးသောင်းကနေ ကျပ် တစ်သိန်း ဝန်းကျင်အထိ ဈေးခွာ ဝယ်ယူမှုတွေ ရှိနေပါတယ်။
ဒါပေမယ့် စစ်ကော်မရှင် လက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စံချိန်မီရွှေ တစ်ကျပ်သားကို ကျပ် ၅,၉၉၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပဈေးနှုန်းနဲ့နှိုင်းယှဉ်ပါက ကျပ်သိန်း ၃၀ ဝန်းကျင် ကွာဟနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

