အော်စလို၊ ဒီဇင်ဘာ ၁၀

အော်စလိုမြို့မှာ ဒီဇင်ဘာ ၁၀ ရက် ကျင်းပမယ့် ဆုပေးပွဲမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့် ခံထားရသူ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို လူကိုယ်တိုင် တက်ရောက်မှာ မဟုတ်ကြောင်းနဲ့ လက်ရှိ သူဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မိမိတို့ မသိသေးဘူးလို့ နော်ဝေ နိုဘယ် အဖွဲ့အစည်း ညွှန်ကြားရေးမှူးက ပြောလိုက်ပါတယ်။

အသက် ၅၈ နှစ်အရွယ် မာချာဒိုဟာ အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေးနဲ့ အီကွေဒေါ သမ္မတ ဒန်နီရယ် နိုဘိုအာတို့ အပါအဝင် လက်တင်အမေရိက ခေါင်းဆောင်တွေနဲ့ ဘုရင် ဟာရဲလ်၊ မိဖုရား ဆွန်ဂျာတို့ ရှေ့မှောက် အော်စလို မြို့တော်ခန်းမ ဆုပေးပွဲမှာ ဆုလက်ခံ ရယူရမှာ ဖြစ်ပါတယ်။

ဆုပေးပွဲ အခမ်းအနားက နော်ဝေး ဒေသစံတော်ချိန် နေ့လယ် ၁နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

မာချာဒိုဟာ တစ်နှစ်ကျော်ကြာ ပုန်းအောင် နေထိုင်ခဲ့ပြီးနောက် သူ့ရဲ့ မိခင်နိုင်ငံ ဗင်နီဇွဲလားမှာ အာဏာပိုင်တွေက သူ့ အပေါ် ပြဌာန်းထားတဲ့ ဆယ်စုနှစ် တစ်စုကြာ ခရီးသွားလာခွင့် တားမြစ်ချက်ကို အာခံပြီး ဆုလက်ခံ ရယူဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ သူ နော်ဝေးကို ရောက်မလာခဲ့ပါဘူး အခမ်းအနား စတင်ချိန် နေ့လယ် ၁ နာရီမှာ အော်စလို မြို့တော်ခန်းမထဲ သူရှိနေမှာ မဟုတ်ပါဘူးလို့ နိုဘယ်ဆု ချီးမြှင့်ရေး အဖွဲ့ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူး ခရစ္စတိန်း ဘာ့ဂ် ဟက်ဗီကန်က ပြောပါတယ်။

မာချာဒို ဘယ်နေရာမှာ ရှိနေသလဲလို့ သတင်းထောက်က မေးမြန်းချိန်မှာ မသိဘူးလို့ ဟက်ဗီကန်က ဖြေပါတယ်။

ဆုပေးပွဲ အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာ ဖြစ်ပြီး ဆုချီးမြှင့်ခံရသူ မတက်ရောက်နိုင်တဲ့ အခြေအနေမှာ မိသားစုဝင် တစ်ယောက်ယောက်က ကိုယ်စားဆုလက်ခံ ရယူလေ့ ရှိပါတယ်။

လောလောဆယ်မှာတော့ မာချာဒိုရဲ့သမီး အန်နာ ကော်ရီနာ ဆိုဆာ မာချာဒို ဆုလက်ခံရယူလို့ ရတယ်လို့ ဟက်ဗီကန်က ပြောပါတယ်။

အောက်တိုဘာလက နိုဘယ် ငြိမ်းချမ်းရေး ဆုချီးမြှင့်ခံရကြောင်း ကြေညာချိန်မှာ မာချာဒိုက သူရတဲ့ ဆုကို အမေရိကန် သမ္မတ ဒေါ်နာ် ထရန့်အတွက် ရည်ညွှန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ထရန့်ကိုယ်တိုင်က အဲဒီ နိုဘယ်ငြိမ်းချမ်းရေးဆုကို သူရထိုက်တယ်လို့ ပြောထားပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက အာဏာကိုင်စွဲထားတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ထရန့်ဟာ ဗင်နီဇွဲလားရဲ့ ပေါများလှတဲ့ ရေနံတွေကို ရယူလိုတာကြောင့် သူ့ကို ဖြတ်ချဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပြီး အဲဒီလို လုပ်ဆောင်လာရင် ဗင်နီဇွဲလား ပြည်သူတွေနဲ့ စစ်တပ်က ခုခံကြလိမ့်မယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.