မုဒုံ၊ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တို့ ပစ်သတ်ခံရမှုအပေါ် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဗဟိုက ဒီဇင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ ရှင်းလင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ NMSP AD/ RMA တပ်ဖွဲ့ဝင်တွေဟာ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ မုဒုံ-ကမာဝက်လမ်းအတိုင်း ထွက်ခွာခဲ့ပေမယ့် အခြေအနေမပေးတာကြောင့် နိုင်လှုံကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆုတ်ခွာလာစဉ် နေ့လည် ၁၂ နာရီခွဲအချိန်လောက်က နိုင်လှုံကျေးရွာရှိ ရော်ဘာခြံလမ်းကြားတစ်ခု အရောက်မှာ NMSP AD/ RMA တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ဆိုင်ကယ်တွေကို လူနှစ်ယောက်က သေနတ်နဲ့ ချိန်ရွယ်ထားတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒါကြောင့် သူလက်နက်ကိုယ်လက်နက် ရင်ဆိုင်ရတဲ့ အနေအထားကြောင့် လက်ဦးမှု ရယူတဲ့အနေနဲ့ သေနတ်နဲ့ ၈ ချက် ပစ်ခတ်လိုက်တာ ဖြစ်ပြီး အဲဒီနေရာမှာပဲ အဲဒီလူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုပြီးနောက် သေဆုံးသူတွေထံကနေ သေနတ်နဲ့တစ်လက်၊ ဆိုင်ကယ် တစ်စီး၊ စစ်အင်္ကျီတစ်ထည်၊ မုဒုံမြို့မရဲစခန်းထုတ် မှတ်တမ်းစာအုပ်တစ်အုပ်နဲ့ ပိုက်ဆံအိတ် တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ် AD ကတော့ ဒီဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ ဖြစ်ကြောင်း ကြိုတင်သိရှိပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ မဟုတ်ဘဲ လက်နက်ကိုင်ဆောင်ထားသူချင်း ရင်ဆိုင်ရချိန်မှာ မိမိကိုယ်ကိုကာကွယ်ဖို့ လက်ဦးမှုရယူ ပစ်ခတ်ခဲ့တာလို့ ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့က နိုင်လှုံကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ထွဋ်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် မင်းဗညားမွန်တို့ဟာ ရော်ဘာခြံအနီးမှာ ဆိုင်ကယ်သူခိုးတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် သွားဖမ်းစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး နိုင်ထွဋ်ဟာ အရင်အုပ်ချုပ်ရေးမှူးဟောင်း မင်းစောနွယ်က စစ်ကော်မရှင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရာထူးကနေ အနားယူလိုက်တာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်လာတာ တစ်လဝန်းကျင်သာ ရှိနေသေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD / CJ


