မော်လမြိုင် ဒီဇင်ဘာ ၉

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အခြေစိုက် တပ်စွဲထားတဲ့ ပတ်ဝန်းကျင် တောင်ယာခင်းတွေနဲ့ လူသွားလူလာရှိတဲ့နေရာတွေမှာ စစ်ကော်မရှင်တပ်ဟာ အရပ်ဝတ်အသွင်နဲ့ မြေမြှုပ်မိုင်းထောင်တာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးပါတယ်။

ဒီမော့ဆို-ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ထားနိုင်ဖို့ ကင်းစောင့်ချထားတဲ့အပြင် စစ်ကော်မရှင်တပ်က အနီးဝန်းကျင် ကျေးရွာတွေနဲ့ တောင်ပေါ်တွေမှာပါ မြေမြှုပ်မိုင်းထောင်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ စစ်ကော်မရှင်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်မှု မရှိသေးပေမယ့် တိရစ္ဆာန်ထိခိုက်သေဆုံးမှုတွေ ပိုများလာနေတာပါ။ ပြီးခဲ့တဲ့ ၃ လအတွင်း နွားအကောင်ရေ ၂၀ ကျော် မိုင်းနင်းမိတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလို မိုင်းထိထားတဲ့ တိရစ္ဆာန််တွေရဲ့ အကြွင်းအကျန်တွေကို တွေ့ရတာကြောင့် ဒေသခံလူထုအနေနဲ့ အဲဒီနေရာတွေဆီသွားတဲ့အခါ သတိထားရမယ်လို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဖရူဆိုနဲ့ ဒီမော့ဆို လမ်းမကြီးတလျှောက်မှာ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းမှာ မြန်မာနဲ့ ဆီးရီးယားတို့ ဆက်လက်ဦးဆောင်နေတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.