ဘန်ကောက်၊ ဒီဇင်ဘာ ၄
နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေနဲ့ ပြည်ပသို့ ထွက်ခွာမယ့် ခရီးသည်တွေအတွက် လေဆိပ်အခွန်လို့ အများအားဖြင့် သိထားကြတဲ့ ခရီးသည် ဝန်ဆောင်မှု အဖိုးအခကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရေး ထိုင်းလေကြောင်း ပျံသန်းရေးဆိုင်ရာဘုတ်အဖွဲ့က သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေအတွက် ဝန်ဆောင်မှု အဖိုးအခကို ဘတ် ၇၃၀ ကနေ ဘတ် ၁၁၂၀ အထိ တိုးမြှင့်ရေး ထိုင်းလေဆိပ်များလုပ်ငန်းစုကုမ္ပဏီ (AOT)ရဲ့လျှောက်ထားမှုကို အဲဒီဘုတ်အဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ ထိုင်း ပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာခန်က ပြောပါတယ်။

ခရီးသည် ဝန်ဆောင်မှု အဖိုးအခဟာ လေယာဉ် လက်မှတ်ဝယ်ယူချိန်မှာ လက်မှတ်ဈေးနှုန်းသတ်မှတ်ချက်ထဲ ပါဝင်ပြီး ဖြစ်တာကြောင့် ထိုင်းကနေ နိုင်ငံတကာသို့ သွားမယ့် လေယာဉ်လက်မှတ်ဈေးတွေ မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။
ခရီသည်ဝန်ဆောင်မှု အဖိုးအခ တိုးမြှင့် သတ်မှတ်မှုဟာ လာမယ့်နှစ် စောစောပိုင်းမှာ စတင် အသက်ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
ပြည်တွင်း လေကြောင်းခရီးစဉ်တွေအတွက် ခရီးသည် ဝန်ဆောင်မှု အဖိုးအခတွေကတော့ အရင်အတိုင်း မပြောင်းလဲဘဲ ဘတ် ၁၃၀ ပဲ ပေးရမှာ ဖြစ်ပါတယ်။

AOT ဟာ အဓိကလေဆိပ် ၆ ခုကို ဦးစီးနေပြီး သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်၊ ချင်းမိုင်၊ ဟတ်ယိုင်နဲ့ ချင်းရိုင်လေဆိပ်တို့ ဖြစ်ပါတယ်။
လုပ်ငန်းစု ကုမ္ပဏီ (AOT) က အခု အစီအစဉ်နဲ့ ပတ်သက်လို့ အများသဘောထားကို ရယူပြီး အဖိုးအခ တိုးမြှင့်ရေး အစီအစဉ် အသေးစိတ်ကို ပို့ဆောင်ရေးဝန်ကြီးဌာနထံ တင်ပြပြီးနောက် အပြီးသတ် ခွင့်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် အဖိုးနှုန်း အသစ် စတင်မကောက်ခံခင် လေးလအလိုမှာ လူသိရှင်ကြား ကြေညာသွားမှာ ဖြစ်ပါတယ်။
AOT က လေဆိပ် အခွန် တိုးမြှင့်လိုက်ရင် သူတို့ရဲ့ လေဆိပ် ၆ ခုကနေ နှစ်စဉ် ဖြတ်သန်းသွားတဲ့ နိုင်ငံတကာခရီးသွား ပျမ်းမျှ ၃၅ သန်း အပေါ် အခြေခံပြီး တစ်နှစ် ထပ်တိုးဝင်ငွေ ဘတ် ၁၀ ဘီလီယံ ဝန်းကျင် ရှိလာမယ်လို့ မျှော်လင့်ထားကြောင်း စောစောပိုင်းက ပြောကြားထားပါတယ်။
အဲဒီလို အဖိုးအခ တိုးမြှင့်လိုက်တာကြောင့် လေဆိပ်တွေမှာ ဝန်ဆောင်မှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ပိုအားကောင်းလာနိုင်တယ်လို့ အရပ်ဖက် လေကြောင်း ပျံသန်းရေး ဘုတ်အဖွဲ့က ပြောပါတယ်။
ရရှိလာတဲ့ ဝင်ငွေတွေကိုလည်း လေဆိပ်တွေမှာ ခရီးသည်တွေ အဆင်ပြေစေမယ့် နောက်ထပ် ဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်တယ်လို့ ဘုတ်အဖွဲ့က ပြောဆိုထားပါတယ်။
Ref:Bangkokpost

