ကိုင်ရို၊ နိုဝင်ဘာ ၂၅

အမေရိကန် ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းပေးသူတွေ တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဆူဒန် ထိပ်တန်းဗိုလ်ချုပ်က ပယ်ချလိုက်တာကြောင့် ဆိုးရွားလှတဲ့ လ ၃၀ ကျော်ကြာ စစ်ပွဲ အဆုံးသတ်စေရေး ကြိုးပမ်းမှုတွေအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

ဆူဒန်စစ်တပ်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်ချက်တွေမှာ ဗိုလ်ချုပ် အဒဲလ် ဖာတာ ဘာဟန်က အဆိုပြုချက်ဟာ လက်မခံနိုင်စရာ ဖြစ်ပြီး စစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးသူတွေ ဘက်လိုက်တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ အဆိုးရွားဆုံး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် အဒဲလ်က ပြောပါတယ်။

စစ်တပ်နဲ့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ Rapid Support Forces တို့ကြား အားပြိုင်မှုကြောင့် ၂၀၂၃ ဧပြီလအတွင်း တိုက်ပွဲတွေ မြို့တော် ခါတွမ်နဲ့ တခြားဒေသတွေမှာ စတင်ခဲ့ပြီးနောက်ပိုင်း ဆူဒန်နိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေတွေ စတင်လာခဲ့တာပါ။

ဆိုးရွားလွန်းတဲ့ စစ်ပွဲကြောင့် လူ ၄၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပေမယ့် အမှန်တကယ် သေဆုံးသူအရေအတွက် အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောထားပါတယ်။

လူ ၁၄ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ရောဂါတွေ ပျံ့နှံ့နေချိန် နိုင်ငံရဲ့ ဒေသများစွာမှာ အငတ်ဘေးဆိုက်နေတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်း စာနာရေး ပြဿနာ ဖြစ်ပေါ်နေပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အနှောင့်အယှက် ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်း ပြန်ဖော်ဆောင်ဖို့နဲ့ တိုက်ခိုက်မှုများ အဆုံးသတ်ရေး လေးနိုင်ငံ အုပ်စုလို့ ခေါ်တဲ့ ကြားဝင် ညှိနှိုင်းသူတွေ ကြိုးပမ်းနေတာ နှစ်နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပါတယ်။

ကြားဝင်ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်နဲ့ ယူအေအီးတို့ ဖြစ်ပါတယ်။

အိမ်ဖြူတော်ဆီ ဆော်ဒီ တော်ဝင်မင်းသား ရောက်ရှိလာချိန် ထရန့်က အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်လည်း ဆူဒန် စစ်ပွဲအဆုံးသတ်ရေး ပိုမို အာရုံစိုက်သွားမယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ချက်ချင်း အပစ်အခတ် ရပ်စဲရေး နိုဝင်ဘာ ၂၄ ရက်မှာ တိုက်တွန်းပြီး တိုက်ခိုက်နေကြတဲ့ အုပ်စုနှစ်စုလုံး ဆွေးနွေးကြဖို့ အကြံပေးထားပါတယ်။

ကြားဝင်ညှိနှိုင်းမှုလို လက်ရှိ ဦးတည်ရာအတိုင်း ဆက်သွားနေမယ်ဆိုရင် ဘက်လိုက်တဲ့ ကြားဝင် ညှိနှိုင်းမှု ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ကြောင်း ဆူဒန် ထိပ်တန်း ဗိုလ်ချုပ် ဘာဟန်က ပြောထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.