တိုကျို၊ နိုဝင်ဘာ ၂၅

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ ပြောဆိုမှုတွေကြောင့် ဘေဂျင်းနဲ့ ကြီးကြီးမားမား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဖုန်းနဲ့ ဆက်သွယ်ပြီး တရုတ် ဆက်ဆံရေး အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်နိုင်ငံ ဆက်လက် ရပ်တည်ရေး အန္တရာယ်ရှိလာမှာ ဖြစ်တဲ့အတွက် ဂျပန်က စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ ဝန်ကြီးချုပ် တာကာအီချီက အခုလ စောစောပိုင်းက လွှတ်တော်ကို ပြောကြားခဲ့တာပါ။

သူ့ရဲ့ ပြောဆိုမှုတွေကို တရုတ်က ဒေါသတကြီး တုံ့ပြန်ပြီး ဂျပန်သို့ ခရီးမသွားကြဖို့ တရုတ် နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က သူတို့ အပိုင်ဒေသလို့ မှတ်ယူထားပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက် ထားရှိရေး စစ်အင်အားသုံးစရာလိုရင် အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က ဘေဂျင်းရဲ့ ပြောဆိုမှုကို ပယ်ချပြီး မိမိတို့ အနာဂတ်ကို မိမိတို့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို တရုတ်လက်ထဲသို့ ပြန်လွှဲပြောင်းရေးဟာ ဘေဂျင်းရဲ့ ကမ္ဘာ့အမြင်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်တယ်လို့ ထရန့်ကို ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ထရန့်က တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ အခြေအနေ တိုးတက်မှု ရှိတယ်လို့ ပြောကြားခဲ့ပေမယ့် ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

တရုတ်လက်အောက်သို့ ပြန်သွားဖို့ဆိုတာက ပြည်သူ ၂၃ သန်းအတွက် ရွေးချယ်စရာ မဟုတ်ဘူးလို့ ထိုင်ဝမ် ဝန်ကြီးချုပ် ချိုဂျွန်တိုင်က နိုဝင်ဘာ ၂၅ ရက်မှာ ပြောထားပါတယ်။

နိုဝင်ဘာ ၂၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန် အစိုးရအဖွဲ့ဝ န်ကြီး မီနိုရူ ခီဟာရာက အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်မှုဟာ ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရမ်း အရေးကြီးတယ်လို့ ပြောဆိုထားတာပါ။

ဂျပန်နဲ့ အငြင်းပွားမှုကို တရုတ်က ကုလသမဂ္ဂသို့ တင်ပြထားပြီး ရန်စပြောဆိုတာတွေ ရပ်တန့်ဖို့ တိုကျိုကို တိုက်တွန်းထားပါတယ်။

ဂျပန်က ထိုင်ဝမ်အနီးရှိ ကျွန်းပေါ်မှာ ဒုံးကျည်စနစ် ချထားဖို့ စီစဉ်ထားကြောင်း ဂျပန် သတင်းတွေက ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.