ရေဖြူ၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီလောက်က ရာဖူးကျေးရွာ ဘုရားကုန်းမှာ အင်အား ၁၀၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူး၊ သာယာမွန်၊ လော့သိုင်းကျေးရွာအပါအဝင်အနီးဝန်းကျင်ကျေးရွာက ဒေသခံ ၅၀၀ ထက်မနည်း ထပ်မံစစ်ရှောင်နေရတာပါ။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ရာဖူးကျေးရွာ ဘုရားကုန်းမှာ လာရောက်တပ်စွဲထားတာ ဖြစ်ပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ရေဖြူမြို့နယ်ထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်လကျော်ကြာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.