လန်ဒန်၊ နိုဝင်ဘာ ၂၄
ဗြိတိန်ဟာ နျူကလီးယား စက်ရုံတွေ တည်ဆောက်ရေး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနေရာ ဖြစ်လာကြောင်း အဲဒီ ကဏ္ဍနဲ့ ပတ်သက်တဲ့ အင်မတန် ရှုပ်ထွေးတဲ့ ဗျူရိုကရေစီ စနစ်ကို အသေးစိတ် လေ့လာထားတဲ့ အစိုးရ အချက်အလက်တွေအရ သိရပါတယ်။
စီမံကိန်းတွေ ပိုမို ဘေးကင်းရေး ပိုမို ထိရောက်မှုရှိရေး အစိုးရရဲ့ နျူကလီးယားဆိုင်ရာ မဟာဗျူဟာကို လုံးဝ ပြောင်းလဲပစ်ဖို့ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ ဦးဆောင်တင်ပြထားတဲ့ အဲဒီ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

အကြံပြုချက်အတိုင်း လုပ်ဆောင်မယ်ဆိုရင် ဗြိတိန်အနေနဲ့ ကုန်ကျစရိတ် ဘီလီယံပေါင်းများစွာ သက်သာနိုင်ပြီး မကြာသေးခင်နှစ်တွေက အဲဒီ လုပ်ငန်းနယ်ပယ်ရဲ့ စွမ်းဆောင်ရည် လျှော့ချမှုကို ပြောင်းပြန်လှန်နိုင်မှာ ဖြစ်ကြောင်း နျူကလီးယား စည်းကမ်းဥပဒေ စည်းကြပ်ရေး အမှုဆောင်အဖွဲ့ရဲ့ အစီရင်ခံချက်မှာ ရေးပါတယ်။
နိုင်ငံရဲ့ အနာဂတ် စွမ်းအင်လိုအပ်ချက်တွေ ပြည့်မီရေးနဲ့ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ကမ္ဘာလေထု မထိခိုက်စေရေး ဗြိတိန်အစိုးရက မျိုးဆက်သစ် နျူကလီးယားစက်ရုံ တည်ဆောက်ရေး စီစဉ်နေချိန်မှာ အခုလို အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တစ်စစီ ဖြစ်နေတဲ့ ဥပဒေစည်းကြပ်ရေး စနစ်ကြောင့် လုပ်ငန်းနယ်ပယ်ဆိုင်ရာ ဘေးကင်းရေး ကြီးကြပ်မှု ကင်းမဲ့နေတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်ပဲ အမှန်တကယ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သင့်တော်သလို စီမံခန့်ခွဲမှု မရှိဘဲ ရှေးရိုးဆန်တဲ့ ကုန်ကျစရိတ်များတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာနေတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။
အဲဒီ လုပ်ငန်း နယ်ပယ်ဟာ တစ်ဦး တစ်ဖွဲ့တည်း ချုပ်ကိုင်ထားတဲ့ ပုံစံနီးနီး ဖြစ်နေပြီး အရပ်ဖက်နဲ့ ကာကွယ်ရေး စီမံကိန်းတွေဟာ ကုန်ကျစရိန် များလွန်းပြီး စီစဉ်မှုတွေ ကြန့်ကြာနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အပူဓာတ် ထုတ်လုပ်ဖို့ အဏုမြူ ဓာတ်ပြုမှုကို အသုံးပြုပြီး လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးတဲ့ နျူကလီးယား စက်ရုံတွေဟာ ဗြိတိန်နိုင်ငံ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်နေပါတယ်။
အလုပ်သမားတွေ ရေဒီသတ္တိကြွမှုနဲ့ ကြုံတွေ့နိုင်မှုဆိုင်ရာ ရှေးရိုးစွဲဥပဒေတွေ အပါအဝင် ဗြိတိန်ဟာ အန္တရာယ်ကို လွန်လွန်ကဲကဲ သတ်မှတ်တွက်ချက်တဲ့ မူဝါဒတွေ ကိုင်စွဲထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလို မူဝါဒ အဟောင်းတွေကို မပြောင်းလဲရင် ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ နျူကလီးယား စက်ရုံတွေ တည်ဆောက်ရေး ဈေးအကြီးဆုံးနေရာ အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:BBC

