ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၄
လာမယ့်နှစ်က စတင်ပြီး အသက် ၁၆ နှစ်အရွယ်တွေ လူမှုမီဒီယာ အသုံးပြုမှု တားမြစ်ရေး မလေးရှားအစိုးရက စီစဉ်ထားတာကြောင့် ကလေးသူငယ် ဘေးကင်းရေး စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ လူမှုမီဒီယာ အသုံးပြုမှု ကန့်သတ်ထိန်းချုပ်ရေး ကြိုးပမ်းတဲ့ ပိုများလာတဲ့ နိုင်ငံတွေထဲ တစ်နိုင်ငံအဖြစ် ပါဝင်လာပါတယ်။
သြစတြေးလျနဲ့ တခြားနိုင်ငံတွေမှာ လူမှုမီဒီယာ အသုံးပြုခွင့်အတွက် အသက်အရွယ် ကန့်သတ်မှုဆိုင်ရာ ယန္တယားတွေကို အစိုးရက လေ့လာနေတယ်လို့ မလေးရှား ဆက်သွယ်ရေးဝန်ကြီး ဖဟာမီ ဖဇီးလ်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

အွန်လိုင်းမှာ အနိုင်ကျင့်တာ၊ ငွေကြေး လိမ်လည်တာနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလို အွန်လိုင်း အန္တရာယ်တွေကနေ လူငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ဝန်ကြိး ဖဟာမီက ပြောပါတယ်။
လူမှုမီဒီယာ အကောင့်ဖွင့်ချိန်မှာ အသက် ၁၆ နှစ်အရွယ်တွေကို တားမြစ်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လာမယ့်နှစ်က စတင်ပြီး လူမှုမီဒီယာကုမ္ပဏီတွေ လိုက်နာကြဖို့ မိမိတို့ မျှော်လင့်ကြောင်း ဝန်ကြီး ဖဟာမီက ဆိုတာပါ။

လူမှုမီဒီယာတွေကြောင့် ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအပေါ် သက်ရောက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်စရာ ဖြစ်လာနေပြီး Facebook၊ Instagram နဲ့ WhatsApp တို့ကို ပိုင်ဆိုင်ထားတဲ့ TikTok၊ Snapchat၊ Googleနဲ့ Meta တို့လို ကုမ္ပဏီတွေဟာ ကျန်းမာရေး ပြဿနာ ပိုမို ဆိုးရွားစေမှုအတွက် အမေရိကန်မှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
သြစတြေးလျမှာ အသက် ၁၆ နှစ်အောက် အရွယ်တွေ ဖွင့်ထားတဲ့ အကောင့်တွေကို လာမယ့်လက စတင်ပြီး လူမှုမီဒီယာတွေကနေ ပိတ်သိမ်းပေးရတော့မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး တားမြစ်မှုကို ကမ္ဘာတဝန်း ဥပဒေစည်းကြပ်သူတွေက အနီးကပ် စောင့်ကြည့်နေကြပြီး နမူနာအနေနဲ့ လေ့လာနေကြပါတယ်။
ပြင်သစ်၊ စပိန်၊ အီတလီ၊ ဒိန်းမတ်နဲ့ ဂရိတို့ကလည်း အသက်အရွယ် အတည်ပြုရေး ဆော့ဖ်ဝဲလ် တစ်မျိုးကို ပူးတွဲ စမ်းသပ်နေကြပါတယ်။
မလေးရှားနဲ့ အိမ်နီးချင်း အင်ဒိုနီးရှားကလည်း လူမှုမီဒီယာ သုံးသူများအတွက် အငယ်ဆုံး အသက်အရွယ် သတ်မှတ်ဖို့ စီစဉ်ထားတယ်လို့ ဇန်နဝါရီက ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အများထိခိုက်လွယ်တဲ့ ဖော်ပြချက်တွေကို တားမြစ်မှု အပါအဝင် ပိုပြီး လျော့ရဲတဲ့ ဥပဒေကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီမှာ စတင်အသက်ဝင်မယ့် ဥပဒေအသစ်အရ မလေးရှားမှာ လူမှုမီဒီယာတွေနဲ့ မက်ဆေ့ချ် ပေးပို့ရေး အက်ပလီကေးရှင်း အသုံးပြုသူတွေ ၈ သန်းအနေနဲ့ ခွင့်ပြုချက် ရယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
Ref:Reuters

