ကျွန်းစု၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ယမုံကျေးရွာအနီးမှာ ပြည်သူ့စစ်စခန်းထံ လက်နက်ခဲယမ်း လာပို့တဲ့ စစ်ကော်မရှင်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပကဖထံကနေ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဘုရားထွက်ကျေးရွာဘက်ကနေ ပဲ့တိုင်ကျေးရွာ ပြည်သူ့စစ်စခန်းကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကော်မရှင်တပ် ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ထံကနေ ကား တစ်စီး၊ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ ထိခိုက်သေဆုံးသူတချို့ကို ကောက်တင်ပြီး ကားတစ်စီးနဲ့ ချက်ချင်းမောင်းပြေးသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဝါးရစ်ပိန်းတောပြင်ကျေးရွာအစပ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဗိုလ်မှူး တစ်ဦးအပါအဝင် ၂၀ ဦးသေဆုံးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကျွန်းစုမြို့နယ် ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.