ကျားဖြန့်လုပ်ငန်းတွေမှာ BGF နဲ့ EAO တချို့ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ စစ်ကော်မရှင် အပြစ်ဖို့

မြဝတီ၊ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ် မြဝတီဒေသက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းတွေမှာ ကရင်နယ်ခြားစောင့်တပ် BGF အပြင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တချို့ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြဝတီဒေသမှာ ပြုလုပ်နေတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ချေမှုန်းနေမှု၊ နိုင်ငံတ ကာနဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ကို နိုဝင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုနယ်မြေထဲက ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃ လုံးကို စစ်ကော်မရှင်လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ဝင်ရောက်ရှင်းလင်းခဲ့ရာ နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းမိခဲ့ပြီး အွန်လိုင်းလောင်းကစားမှုမှာ အသုံးပြုတဲ့ ဖုန်းအလုံးရေ ၁၀၀၀၀ နီးပါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

မြဝတီဒေသမှာ အွန်လိုင်းလောင်းကစားမှု လုပ်ဆောင်နေတဲ့ နယ်မြေ ၃ ခုရှိပြီး အဲဒီနယ်မြေတွေကတော့ မြဝတီမြောက်ဘက်က ရွှေကုက္ကိုနယ်မြေ၊ မြဝတီတောင်ဘက်က KK Park နယ်မြေနဲ့ မြဝတီတောင်ဘက်အစွန်ဆုံးက ကျောက်ခတ်နယ်မြေတွေဖြစ်ကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

KK Park နယ်မြေနဲ့ ရွှေကုက္ကိုနယ်မြေတို့ဟာ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတာဖြစ်ပြီး ကျောက်ခက်နယ်မြေကတော့ စစ်တပ်မိတ်ဖက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က ထိန်းချုပ်ထားတာပါ။

အဲဒီနယ်မြေ ၃ ခုထဲမှာ ရောက်ရှိလာကြတဲ့ အွန်လိုင်းလိမ်လည်တဲ့ နိုင်ငံခြားသားအများစုဟာ တစ်ဖက်နိုင်ငံ(ထိုင်း)ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိလာတာဖြစ်သလို လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး စတာတွေကို တစ်ဖက်နိုင်ငံကနေ ရရှိတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အဲဒီနယ်မြေတွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြဝတီမြို့နဲ့ အလှမ်းဝေးတဲ့နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU KNLA အဖွဲ့၊ NCA စာချုပ်ရေးထိုးထားတဲ့ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အမည်ခံတပ်ဖွဲ့တွေက အွန်လိုင်းလောင်းကစား လိမ်လည်မှုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ KNU နဲ့ လုံး၀ မသက်ဆိုင်ဘဲ အဲဒီလုပ်ငန်းမှာ KNU က ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ စွပ်စွဲချက်အားလုံးအပေါ် ပြတ်ပြတ်သားသားငြင်းဆိုလိုက်တဲ့အကြောင်း KNU က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တဲ့ NCA စာချုပ်ရေးထိုးထားတဲ့ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့ကို ရည်ညွှန်းပြောဆိုတာဖြစ်ပြီး DKBA ဟာ ကျောက်ခက်ဒေသအပြင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာလည်း ကျားဖြန့်လုပ်ငန်းကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ဆောင်တယ်လို့ စစ်အုပ်စုက ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့ကတော့ မိမိတို့နယ်မြေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းတိုက်ဖျက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ KK Park နယ်မြေကို ရှင်းလင်းဆောင်ရွက်တာတွေ လုပ်ဆောင်နေသလို ရွှေကုက္ကိုနယ်မြေ၊ ကျောက်ခက်နယ်မြေနဲ့ အခြားဒေသတွေမှာလည်း တပ်ဖွဲ့ဝင်အပြည့်အ ၀ လုံခြုံရေးယူပြီး ဆက်လက် ဖော်ထုတ်ရှင်းလင်းတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

KK Park နယ်မြေနဲ့ ရွှေကုက္ကိုနယ်မြေတွေက ကျားဖြန့်လုပ်ငန်းတွေကို စစ်ကော်မရှင်နဲ့ BGF တပ်က ဝင်ရောက်ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်တာဟာ ဟန်ပြသဘောသက်သက်သာဖြစ်ပြီး ကျားဖြန့်ဂိုဏ်းက အရေးကြီးခေါင်းဆောင်တွေဟာ BGF ကာကွယ်ပေးမှုနဲ့ အခြားနေရာဒေသတွေဆီ ရွှေ့ပြောင်းခိုလှုံသွားကြပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.