သထုံ၊ နိုဝင်ဘာ ၁၅
မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကို စစ်မှုထမ်း အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သထုံမြို့နယ်ရဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုး၊ စီမံအဖွဲ့ဝင် ဗိုလ်မှူးဆန်းဝင်းအောင်တို့ ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ ပြည်သူတွေကို စစ်မှုထမ်း အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်နေတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုး၊ ဗိုလ်မှူးဆန်းဝင်းအောင်တို့ဟာ ဖမ်းဆီးရေးအဖွဲ့ကို အဓိက ဦးဆောင်တာ ဖြစ်ပြီး နိုဝင်ဘာလကစလို့ နေ့စဉ်နဲ့အမျှ ဖမ်းဆီးငွေညှစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ညပိုင်း ကားတွေနဲ့ လှည့်လည်သွားလာပြီး လမ်းမှာတွေ့တဲ့ လူငယ်လူရွယ်တွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး တစ်နေ့လျှင် ၃ ဦးကနေ ၅ ဦးအထိ ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဖမ်းမိလာတဲ့ လူငယ်တွေကို သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ဝန်ထမ်းလိုင်းခန်းအနီးက နေအိမ်တစ်လုံးမှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ဆက်သွယ်ကာ ငွေကြေးတောင်းခံနေသလို ရရှိလာတဲ့ ငွေတွေကိုတော့ အချင်းချင်း ပြန်လည်ခွဲဝေယူနေကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို ငွေကြေးအဆင်ပြေတဲ့ အခြေအနေအပေါ်မူတည်ကာ ငွေကျပ် သိန်း ၄၀ ကနေ သိန်း ၇၀ အထိ တောင်းခံနေပြီး မပေးနိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်း ပို့ဆောင်နေတာပါ။
သထုံမြို့နယ်မှာ စစ်ကော်မရှင်ဟာ အာဝါဒေးဝိုင်းတွေကို လနဲ့ချီ ဖွင့်လှစ်ခွင့်ပြုထားပြီး ပွဲကပြန်လာတဲ့ လူငယ်အများစုကို စောင့်ဆိုင်းဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

