နယူးဒေလီ၊ နိုဝင်ဘာ ၁၅

ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာက လာမယ့်နှစ် ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် သူ့ပါတီအပေါ် တားမြစ်ထားမှုကို ရုတ်သိမ်းပေးစေလိုတယ်လို့ ပြောလိုက်ပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက ထွက်ပြေးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ ဟာဆီနာက အခုလိုမျိုး ပြောဆိုခဲ့တာပါ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်နဲ့ စွဲချက်တင်ထားတဲ့ အထူးခုံရုံးက သူ့ကို နိုဝင်ဘာ ၁၇ ရက်မှာ အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

သူ့ရဲ့အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းဖို့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဟာဆီနာအနေနဲ့ အပြစ်ရှိကြောင်း ထင်ရှားရင် နိုဝင်ဘာ ၁၇ ရက်မှာ သူ့ကို သေဒဏ်ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုထားကြပါတယ်။

အမိန့်မချမှတ်ခင် ဒါကာမြို့ တရားရုံးနဲ့ အနီးတဝိုက် လုံခြုံရေး တိုးမြှင့်ချထားပြီး လူထု အုံကြွမှုအတွင်း သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေကလည်း ဟာဆီနာအပေါ် ချမှတ်မယ့် အမိန့်ကို မျှော်လင့်နေကြပါတယ်။

အာဏာ ဆက်ထိန်းချုပ်ထားဖို့ ကြိုးစားရင်းနဲ့ ဟာဆီနာနဲ့ သူ့အစိုးရဟာ ဆန္ဒပြသူတွေကို နှိမ်နှင်းရာမှာ လူ ၁၄၀၀ လောက်အထိ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောထားပါတယ်။

ဟာဆီနာက အမှုရင်ဆိုင်ဖို့ အိန္ဒိယကနေ ဘင်္ဂလားဒေ့ချ်သို့ ပြန်လာဖို့ ငြင်းဆိုထားပါတယ်။

မိမိတို့ ပါတီကို ထောက်ခံသူ သန်းပေါင်းများစွာ ရှိတာကြောင့် ရွေးကောက်ပွဲ မဝင်ဖို့ တားမြစ်ချက်ကို ရုတ်သိမ်းပေးသင့်တယ်လို့ ဟာဆီနာက ဆိုတာပါ။

အတိုက်အခံအနေနဲ့ပဲ ဖြစ်ဖြစ် အစိုးရအနေနဲ့ပဲ ဖြစ်ဖြစ် Awami League ပါတီဟာ ဘင်္ဂလားဒေ့ချ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူ့ကို မျက်ကွယ်မှာ တရားစွဲဆိုထားတာဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ တရားရုံးတွေက စီစဉ်ထားတဲ့ မတရား တရားစွဲဆိုမှု ဖြစ်တယ်လို့ ဟာဆီနာက ပြောပါတယ်။

အိန္ဒိယကို ထွက်မပြေးခင် ဟာဆီနာက ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ထိန်းချုပ်မရနိုင်တော့တဲ့ အခြေအနေနဲ့ လူတွေ အများကြီး မလိုအပ်ဘဲ သေဆုံးခဲ့ရတယ်ဆိုတာကို မိမိ အနေနဲ့ မငြင်းလိုပေမယ့် လက်နက်မပါတဲ့ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်မပေးခဲ့ဘူးလို့ ဟာဆီနာက ပြောပါတယ်။

ဒါပေမဲ့ ဟာဆီနာကိုယ်တိုင်က ဆန္ဒပြသူတွေကို ပစ်ခတ်ရှင်းလင်းဖို့ ညွှန်ကြားထားတဲ့ အသံဖိုင် တစ်ခု ထွက်ပေါ်နေပြီး နိုဝင်ဘာ ၁၇ ရက် တရားရုံး ဆုံးဖြတ်ချက် ချမှတ်ရာမှာ တင်ပြသွားဖို့ ရှိနေပါတယ်။

ဟာဆီနာနဲ့အတူ ပြည်ထဲရေးဝန်ကြီးဟောင်း၊ ရဲမှူးဟောင်းတို့ပါ ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ပုန်းအောင်းနေတဲ့ ပြည်ထဲရေးဝန်ကြီး ကာမဲလ်အတွက် သေဒဏ် ချမှတ်ဖို့ အစိုးရရှေ့နေတွေက ကြိုးပမ်းနေကြပါတယ်။

ဇူလိုင်လက အပြစ်ရှိကြောင်း ထွက်ဆိုခဲ့တဲ့ ရဲမှူး ချောင်ဟူရီကိုတော့ ပြစ်ဒဏ်ချမှတ်ထားတာ မရှိသေးပါဘူး။

ဟာဆီနာက မိမိအနေနဲ့ အမှု ရင်ဆိုင်နေရပေမယ့် ကိုယ်တိုင်သော်လည်းကောင်း ရှေ့နေငှားပြီးတော့သော်လည်းကောင်း ချေပနိုင်တာ မရှိဘူးလို့ ပြောပါတယ်။

၂၀၂၆ ရွေးကောက်ပွဲ မတိုင်ခင် ပြိုင်ဖက် နိုင်ငံရေးပါတီတွေက မိမိတို့ရဲ့ Awami League ပါတီကို ရှင်းထုတ်လိုက်ကြတာ ဖြစ်တယ်လို့ ဟာဆီနာက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.