မြဝတီ နိုဝင်ဘာ ၄
ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကော်မရှင်တပ်ကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကော်မ ရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ခဲယမ်းကျည်ဆံအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ရသေ့ဂူကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ ဖလူးကျေးရွာတွေဆီ စစ်ကော်မရှင်တပ်က အင်အားလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီလိုစစ်ကြောင်းထိုးရာမှာ စစ်ကော်မရှင်တပ်က သာလွန်လူအင်အား၊ နည်းပညာမြင့်ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ တာဝေးပစ်ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုအသားစီးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အခုလို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ KNU/ KNLA ဦးဆောင်တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗီနွန်စစ် ကြောင်း၊ Justice Soldier ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့နဲ့ အကြိမ်ကြိမ်ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ထွက်ပြေးအလင်းဝင်လာသူတွေ၊ သုံ့ပန်းတွေ၊ ထိခိုက်ဒဏ်ရာအမြောက်အများရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူထုအပေါ် ယုတ်မာမယ့်၊ ထွက်ပေါက်မဟုတ်တဲ့ နည်းစုံနဲ့ယုတ်မာရက်စက်မယ့် ရွေး ကောက်ပွဲမှာ ပြည်သူတွေမပါဝင်ကြဖို့လည်း မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားကြောင်း ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့တောင်ဘက်က လေးကေကော်မြို့သစ်ကို ပြီးခဲ့တဲ့အောက်တိုဘာ လလယ်ပိုင်းက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး မြို့အနီးဝန်းကျင်ရှိ ကျေးရွာတွေနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေဆီ ဆက်လက်စစ်ကြောင်းထိုးလာနေခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဆက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြားကို ရှေ့တန်းကနေ အသေခံတက်ခိုင်းနေတဲ့အတွက် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေအများအပြား သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးသွားတာတွေ၊ အလင်းဝင်ရောက်လာတွေ ရှိနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

