လောင်းလုံး၊ နိုဝင်ဘာ ၃
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ လိုက်လံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ကူတာနဲ့ စစ်သင်္ဘောကနေလည်း ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် ဖွဲ့စည်းပျက်ကာ စစ်ကြောင်းပြန်ဆုတ်သွားတဲ့ စစ်ကော်မရှင်တပ်ဟာ အင်အားပြန်လည်စုစည်းပြီး ကမ်းပနီကျေးရွာသို့ ပြန်လည်စစ်ကြောင်းထိုးလာကာ အဲဒီကတဆင့် သိကြားမင်းပိုင်တောင်မှာ ယာယီတပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ DNLA ဒူရကစစ်ကြောင်း ၊ ရာမညမွန်တပ်တော် (RMA) နဲ့ လောင်းလုံး ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

