ဘန်ကောက်၊ နိုဝင်ဘာ ၄
မြန်မာနိုင်ငံရှိ နာမည်အဆိုးဆုံး ကျားဖြန့်ဂိုဏ်းစုရပ်တွေထဲက တစ်ခု နှိမ်နှင်းခံရမှုကြောင့် လူသစ် ဝန်ထမ်းသစ် ရှာဖွေမှုတွေ အလျင်အမြန် ပြုလုပ်နေပြီး ထွက်ပြေးလာတဲ့ ကျားဖြန့် အလုပ်သမားတွေဟာ နီးစပ်ရာ ကျားဖြန့်လုပ်ငန်းတွေမှာ အလျင်အမြန် စာရင်းပေးနေကြကြောင်း ပညာရှင်တွေနဲ့အတွင်းလူတွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှတဝှမ်း မှိုလိုပေါက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတဝှမ်းက သံသယမရှိတဲ့ လူတွေကို စီးပွားရေး မက်လုံးတွေပေး၊ ချစ်သူတွေလို ဟန်ဆောင်ပြီးတော့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး လိမ်လည်နေတာ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်သမားတွေအဖြစ် ဝင်ရောက် လုပ်ကိုင်နေသူ အများကြီးဟာ လူကုန်ကူးခံရပြီးတော့ ရောက်ရှိလာတာ ဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက် လုပ်ကိုင်နေသူတွေလည်း အများကြီး ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အောက်တိုဘာလနှောင်းပိုင်းက မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်း စုဝေးရာ KK Park ကို စီးနင်းမှုကြောင့် နိုင်ငံခြားသား ၁၅၀၀ ကျော် နယ်စပ် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာခဲ့ကြပေမယ့် တိမ်းရှောင်ထွက်ပြေးနေသူတွေဟာ အဲဒီ အမှောင်ဈေးကွက်မှာ နောက်ထပ် ဝင်ရောက် လုပ်ကိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

KK Park ကနေ ထွက်ပြေးသွားခဲ့ရတဲ့ အလုပ်သမားတွေကို အဲဒီ အနီးအနားမှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက တစ်လ ဒေါ်လာ ၁၄၀၀ အထိ ပေးပြီး ခေါ်ယူနေတယ်လို့ တရုတ် နိုင်ငံသား ကျားဖြန့် အလုပ်သမား တစ်ဦးက ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေကို မြန်မာစစ်တပ်က နှိမ်နှင်းပြပေမယ့် တခြားနေရာတွေ မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကတော့ ကောင်းကောင်းကြီး ဆက်လက် လည်ပတ်နေတာ ဖြစ်ပါတယ်။
ထွက်ပြေးလာတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သစ် ဝင်ရောက်ရာမှာ လစာပုံမှန်ပေးပြီး ကောင်းကောင်း ဆက်ဆံတဲ့ အလုပ်တွေ ရှိသလို ဆိုးရွားတဲ့ အလုပ်ရှင်တွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ အဲဒီ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်နိုင်ငံသားက ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တောင်အာရှနဲ့ အရှေ့အာရှက လိမ်လည်ခံရသူတွေရဲ့ စုစုပေါင်း ဆုံးရှုံးမှုဟာ ဒေါ်လာ ၃၇ ဘီလီယံ ရှိတယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပြီး နယ်စပ်ဒေသတွေမှာ အုပ်ချုပ်ရေး အားလျော့မှုကြောင့် ကျားဖြန့်လုပ်ငန်းတွေ စိတ်ကြိုက်လည်ပတ်လို့ ရနေတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို မျက်စိစုံမှိတ် ခွင့်ပြုထားပြီး သူတို့ရဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ ငွေကြေး အများအပြား ရရှိအောင် ကူညီပေးနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မြန်မာကျားဖြန့် လုပ်ငန်းတွေက ထွက်ပြေးသွားတဲ့ နိုင်ငံခြားသားတွေထဲမှာ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံသား အများဆုံး ပါဝင်နေတာ တွေ့ရပါတယ်။
Ref:AFP

