ကျိူက်မရော၊ နိုဝင်ဘာလ ၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတုံစိကျေးရွာအနီးရှိ MCL ဘိလပ်မြေစက်ရုံမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းဟာ အထိုင်ချပြီး ကျေးရွာတွေကို ဝင်မွှေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၃ ရက်နေ့ထိ အင်အား ၂၀၀ ခန့်ပါဝင်တဲ့ စစ်ကော်မရှင် စစ်ကြောင်း ဟာ MCL ဘိလပ်မြေစက်ရုံဧရိယာအတွင်းမှာ အထိုင်ချထားပြီး ကတုံစိ၊ ရွှေဝါချောင်း၊ ပေါက်တောကျေးရွာတွေကို စစ်ဆေးမှုတွေပြုလုပ်နေသလို ကတုံစိ-ကော့ဒွန်းသွားလမ်း၊ ကတုံစိ-ဝါးပျံကုန်းသွားကားလမ်းတွေပေါ်မှလည်း စစ်ဆေးမှုတွေပြုလုပ်နေတာလို့ဆိုပါတယ်။
ရွာထဲဝင်လာတဲ့ စစ်ကြောင်းဟာ သူတို့မသင်္ကာတဲ့ နေအိမ်တွေကို ဝင်ရောင်စစ်ဆေးတာ၊ အိမ်ထောင်စုစာရင်း တောင်းကြည့်တာတွေ ပြုလုပ်တဲ့အပြင် စစ်ကြောင်းသွားရာ လမ်းတလျှောက် ဖြတ်သန်းသွားတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုပါ မသင်္ကာပါက လှန်လှောစစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့အကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ စစ်ကြောင်းက အစစ်အဆေးကြမ်းတာရှိနေပေမယ့် ဒေသခံတွေကို ဖမ်းဆီးသွားတာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။
အခုလို စစ်ကြောင်းက နေအိမ်တွေ ဝင်စစ်နေတာကြောင့် ဒေသခံ လူငယ်အမျိုးသားတွေပေါ်တာဆွဲခံရမှာ စိုးရိမ်ပြီး တချို့က တိမ်းရှောင်နေကြတာတွေလည်း ရှိနေပါတယ်။
စစ်တပ်ဘက်က အခုလို စစ်ကြောင်းထိုး လှုပ်ရှားသွားလာနေတဲ့အပေါ် တော်လှန်ရေးအဖွဲ့တွေကလည်း စောင့်ကြည့်နေပြီး တန်ပြန်တိုက်ခိုက်ဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက်နေ့ကစပြီး တရနာနဲ့ ကတုံစိကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို ဖြတ်ကာ MCL ဘိလပ်မြေစက်ရုံဧရိယာဝန်းကျင်မှာ အထိုင်ချထားတာပါ။
စစ်ကော်မရှင်တပ်တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ နယ်မြေတွေဖြစ်ပြီး စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်လာချိန်မှာတော့ MCL ဘိလပ်မြေစက်ရုံတဝိုက် တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

