နေပြည်တော် ၊ အောက်တိုဘာ ၁၁

စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစားပေးကိစ္စမဟုတ်ဘူးလို့ ပြောထားပေမယ့် လက်ရှိမှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ပူးပေါင်းပေးသွားမယ်လို့ ထုတ်ပြောလာပါတယ်။

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်နဲ့အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့တွေဟာ အောက်တိုဘာ ၉ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ လာရောက်တွေ့ခဲ့တာပါ။

တွေ့ဆုံမှုအရ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတာတွေ တွေ့ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အကြုံပြုကြောင်း စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်း စာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း စေလွှတ်ပေးသွားမယ်လို့ ပြောဆိုခဲ့တာပါ။

စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင် ဦးဆောင်ကျင်း ပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့အရေးမှာ ထားရှိတဲ့ အာဆီယံရဲ့ သဘောထားက ပြောင်း လဲသွားပြီလားလို့ မေးစရာ ဖြစ်နေပါတယ်။

မြန်မာ့အရေးပြဿနာကို ဖြေရှင်းဖို့ ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစားပေးကိစ္စမဟုတ်ဘဲ ပဋိပက္ခအခြေအနေ ပိုဆိုးသွားနိုင်ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောဆိုထားတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက စစ်အုပ်စုက ဝါဒဖြန့် ရေးသားတဲ့ ပုံစံမျိုးရှိပြီး အာဆီယံရဲ့ သဘောသဘာဝအရ မူဝါဒ အပြောင်းအလဲ ရှိတတ်တဲ့ အစုအဖွဲ့ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထဲမှာ ဘာတွေ ပြောခဲ့တာလဲဆိုတာက ကျွန်တော်တို့ မသိနိုင်တဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် စစ်အုပ်စုက သူတို့ လိုသလို ပုံသွင်းပြီး ဝါဒဖြန့် ရေးသားပြောဆိုတဲ့ ပုံစံမျိုးက ရှိတယ်ဆိုတဲ့ အခြေအ နေဖြစ်နေတဲ့အခါကျတော့ လက်ရှိ ပြောဆိုတဲ့ အပိုင်းနဲ့ပတ်သက်ပြီး စစ်အုပ်စုပြောဆိုတဲ့ဟာ တစ်ခုတည်းကိုပဲ ကျွန်တော်တို့ကြည့်ပြီး မူဝါဒအပြောင်းအလဲရှိတယ်ဆိုတဲ့ လေသံပြောင်းတယ်ဆိုတဲ့ဟာမျိုး အဲဒီလိုတော့ ပြောရခက်တယ်။ ဒါပေမယ့် အာဆီယံရဲ့ အခြေအနေကိုကြည့်ရင် သူ့ရဲ့ သဘောသ ဘာဝက မူဝါဒအပြောင်းအလဲ ကြီးကြီးမားမား ရှိတတ်တဲ့ အစုအဖွဲ့မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်”လို့ ဆိုပါတယ်။

ပထဝီနိုင်ငံရေးအခင်းအကျင်းအရ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုအပေါ် မူတည်ပြီး အပြောင်းအ လဲတချို့ ရှိနိုင်သလို မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ပြောဆိုတုံ့ပြန်မှုတွေဟာ အလှည့်ကျဥက္ကဌဖြစ်တဲ့ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အကျိုးစီးပွားပေါ် မူတည်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေပြည်တော်မရောက်ခင် ထုတ်ပြန်ချက်မှာတော့ စစ်ခေါင်း ဆောင်နဲ့ တွေ့ဆုံချိန်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ တိုက် တွန်း သွားမယ်လို့ ဖော်ပြထားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီ မရှိ ပေးပို့ခွင့် ရရှိရေးတို့ အဓိက ဆွေးနွေးမှာဖြစ်ပြီး စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စရပ်ကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ တိုက်တွန်းသွားမှာဖြစ်သလို မလေးရှားအနေနဲ့ မြန်မာ့ပြဿနာ ဖြေရှားရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက် စေ့စပ်ညှိနှိုင်းသွားမယ်လို့ အသိပေးထားတာပါ။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲပြီးချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းသွားမယ့် အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ပူးပေါင်းသွားမယ့် အခြေအနေတွေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကို တွန်းအားပေးမယ့် ပုံစံမျိုး မဟုတ်ဘူးလို့ နိုင်ပီတာက အခုလို သုံးသပ်ထောက်ပြပါတယ်။

“ပြောရရင် အာဆီယံက အစုအဖွဲ့ကြီးထဲမှာရှိတဲ့ နိုင်ငံတွေအားလုံးက ဒီမိုကရေစီကို လက်ခံကျင့်သုံးကြတဲ့ နိုင်ငံတွေလည်း မဟုတ်ကြတဲ့အခါကျတော့ လက်ခံကျင့်သုံးတယ်ဆိုရင်တောင် အမည်ခံအ ဆင့်ကျင့်သုံးတဲ့ ပုံစံပဲရှိတဲ့ အနေအထားဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အာဆီယံဆီကနေပြီးတော့ အရမ်းကြီး ကောင်းမွန်လာတဲ့ အားဖြစ်စေမယ့် အကြောင်းအရာမျိုး ကျွန်တော်တို့အနေနဲ့တော့ အရမ်းမမျှော်လင့်ဘူး။ သို့ပေမယ့်လည်း တစ်ဘက်မှာ အာဏာရှင်တွေအတွက်လည်း အရမ်းကြီး အားဖြစ်စေရလောက်တဲ့အထိလည်း အာဆီယံက စစ်အုပ်စုကို တွန်းအားပေးမယ့် ပုံစံမျိုး မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ခေါင်းဆောင်ကိုယ်တိုင် လိုက်နာပါ့မယ်လို့ သဘောတူလက်မှတ်ရေး ထိုးခဲ့ပေမယ့် ဒီကနေ့အချိန်အထိ အပြည့်အဝ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာထောက် ထားမှု အကူအညီတွေပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ ညှိနှိုင်းမှုလုပ်ငန်းစဉ် အောင်မြင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေနှောင်းပိုင်းမှာ ပြောထားတာပါ။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲလုပ်ဖို့ ၂၀၂၄ ခုနှစ်ကတည်းက စတင်အသိပေးခဲ့ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲအတွင်း ကြိုတင်ပြင်ဆင်ချိန် ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလို ကျင်းပမယ့် ရွေး ကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ငြိမ်း ချမ်းရေးရရှိအောင် ဖိတ်ခေါ်နေပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေသူတွေကိုလည်း အလားတူ သုံးကြိမ် ဖိတ်ခေါ် ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

NCA နှစ်ပတ်လည် အခမ်းအနားနဲ့ ပတ်သက်ပြီး EAO တွေကို ဖိတ်ကြားတဲ့အကြောင်း ပြောဆိုခဲ့သလို အပိုင်းလိုက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အိမ်နီးချင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ‌ရေးအဖွဲ့တွေ ဖိတ်ခေါ်ထားမှုကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.