နေပြည်တော် ၊ စက်တင်ဘာ ၁၄
ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို မှတ်တမ်းယူပြီး စနစ်တကျအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုပြီးနောက် စစ်ကော်မရှင်ကလည်း အဖျက်အမှောင့်လုပ် ဆောင်လာသူတွေကို ထိရောက်စွာ အရေးယူဖို့ ညွန်ကြားလာပါတယ်။
ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ လူထုစည်းရုံးတာတွေနဲ့ သတင်းဖြန့်ချိရာမှာ ရည်ရွယ်ချက်ရှိရှိ ပါဝင်သူတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ မှတ်တမ်းယူပြီး အရေးယူနိုင်ဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG ရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို အထိရောက်ဆုံး တန်ပြန်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်တွေကို တားဆီးဖို့ ပြောဆိုခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
“တကယ်လို့ စစ်ကောင်စီ (စစ်ကော်မရှင်) ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာပါဝင်မယ့်ကိုယ်စားလှယ် တွေကို ကျွန်တော်တို့အနေနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့ ဖမ်းဆီးမှာပေါ့။ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ကျွန်တော်တို့ ပြုလုပ်သွားမယ်”လို့ ပြောပါတယ်။
ဒီနှစ်ကုန်ပိုင်းအတွင်း အပိုင်းလိုက်အဖြစ် စတင်ကျင်းပမယ်လို့ စစ်ကော်မရှင် ကြေညာထားတဲ့ အ ထွေထွေရွေးကောက်ပွဲကို မရရတဲ့ နည်းနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက အရင်ကတည်းက ထုတ်ပြောထားကြတာပါ။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူ မျိုးစုအခြေပြု တော်လှန်ရေးအင်အားစုတွေကလည်း သူတို့ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ အသိပေးထားကြပြီး ဖြစ်ပါတယ်။
တစ်ဘက်မှာ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ပြု လုပ်တဲ့ အဖွဲ့အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်မယ်လို့ သတိပေးထားတာပါ။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဘေးကင်းစွာ မဲဆွယ်စည်းရုံးနိုင်ဖို့ လုံ ခြုံရေးအလေးပေးဖို့နဲ့ ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေးအတွက် အဖျက်အမှောင့် လုပ်ဆောင်လာသူတွေကို ထိရောက်စွာ အရေးယူဖို့ ညွှန်ကြားလာပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့တာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နှစ်ဘက်စလုံးဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ လုပ်လာမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အန္တရာယ်မဖြစ်အောင် ဆန့်ကျင်ကြဖို့ပဲ လိုတယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဘက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ကောင်စီ (စကမ)ကလည်း သူ့ရဲ့ ရွေးကောက်ပွဲကို ကာကွယ်တဲ့အနေနဲ့ သူက ဥပဒေထုတ်မှာပဲ။ တော်လှန်ရေးဘက်ကလည်း NUG အစိုးရအနေနဲ့က တော်လှန်ရေးအကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ ဒါ ထုတ်မှာပဲပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်သတ်ကြမှာပဲ။ ဒီကြားထဲမှာ ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်ရဲ့အကျိုးစီးပွား မပျက်စီး၊ ကိုယ့်ကိုယ်ကို အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းနဲ့ ရွေးကောက်ပွဲကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ပဲ လိုပါတယ်ဗျ”လို့ ဆိုပါတယ်။
စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေကတော့ ဒေသအလိုက် တည်ငြိမ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်နေမှုအပါအဝင် ရွေးကောက်ပွဲပြင်ဆင်မှုတွေအပေါ် နှောင့်ယှက်သူတွေကို ရွေး ကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ လုံခြုံရေးဆောင်ရွက်ဖို့ လျာထားတဲ့အခြေအနေတွေကိုလည်း အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ကလည်း ဒီဇင်ဘာ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေး ကောက်ပွဲ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမှာဖြစ်ပြီး သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်ရမယ်လို့ အမြဲလိုလို ကြွေးကြော်နေတာပါ။
ဒေသခံပြည်သူတစ်ဦးကတော့ သူတို့နယ်မှာ ပထမအသုတ်ကျင်းပမယ့် ရွေးကောက်ပွဲစာရင်းထဲ မပါပေမယ့် လူထုတွေ စိတ်ဝင်စားမှု အားနည်းသလို မဖြစ်လေ ကောင်းလေဆိုတဲ့ ခံစားချက်ရှိနေတယ်လို့ ပြောပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့နယ်ဆိုရင် ပထမအသုတ်ရွေးကောက်ပွဲမှာ မပါဘူးပေါ့။ မပါပေမယ့် စိတ် ဝင်စားဖို့လည်း နည်းနေတယ်၊ မဖြစ်လေ ကောင်းလေပဲဆိုတဲ့ သူတို့ (ဒေသခံတွေ) ခံစားချက်ဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုရင် ဒီရွေးကောက်ပွဲဟာ မမှန်ကန်တဲ့ ရွေးကောက်ပွဲကြောင့် သူတို့ဟာ မဖြစ်လေ ကောင်းလေပဲ။အဲဒီနယ်ကလူဆိုရင် အဲဒီလိုမျိုး ခံစားချက်တွေ ရှိနေတာပေါ့”လို့ ဆိုပါတယ်။
အပိုင်း ၁ အဖြစ် စတင်ကျင်းမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်ဖို့ ကြေညာထားပြီး အပိုင်းသုံးပိုင်းနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ အပြီးသတ်ဖို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စီစဉ်ထားတာပါ။
တစ်ဘက်မှာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဌာန်းထားပြီး အဲဒီဥပဒေအရ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီကို ဗဟိုကနေ မြို့နယ်အထိ အဆင့်ဆင့် ဖွဲစည်းထားပါတယ်။
အဲဒီကော်မတီဟာ ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး စစ် တပ်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့တွေက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

