ကျောက်တော်၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း”ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေအပါအဝင် ကလေးငယ် ၁၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်က “ပညာပန်းခင်း”ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲခံရတာကြောင့် ကျောင်းသူကျောင်းသားတွေနဲ့ ကလေးငယ် စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် လက်ပံကျေးရွာအနီးကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

