ပုလော၊ ဩဂုတ် ၁၄

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ နီးပါး အရေးပေါ်စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံက သိရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ရှောင်ရတာ ရက်ပေါင်း ၂၀ ကျော်တဲ့အထိ ရှိလာသလို မိုးတွေရွာသွန်းပြီး အလုပ်အကိုင်တွေလည်း လုပ်ကိုင်လို့ မရတာ၊ ဝင်ငွေမရှိတာအပြင် အလှူရှင်တွေလည်းမရှိတဲ့အတွက် စားသောက်ရေး ဒုက္ခကြုံနေရပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ကျန်ရှိတဲ့ စားသောက်စရာတချို့ကို အချင်းချင်း ပြန်လည်ဝေငှ စားသောက်နေရပေမယ့် လာမယ့်ရက်ပိုင်းအတွင်း ရိက္ခာပြတ်လပ်သွားမယ့် အခြေ အနေနဲ့ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလမြို့ပေါ်က ဒေသခံတွေနဲ့အတူ ဇာဒီ၊ တပိုရွာ၊ ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်ရွာ၊ မင်းပြင်ရွာ၊ တန်းရှင်းရွာတွေက ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။

ဩဂုတ် ၁၃ ရက်နေ့အထိ ပလမြို့အနီးမှာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ဆိုင်ထားသလို စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်နေတာ ဖြစ်ပါတယ်။

ပုလောတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးထားပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.