မော်လမြိုင် ၊ ဩဂုတ် ၉
အာဏာသိမ်းစစ်တပ်ကနေ ဦးဆောင်ကျင်းပသွားမယ့် အတုအယောင်ရွေးကောက်ပွဲကို မွန်ပြည်သူ လူထုတွေ ပူးပေါင်းပါဝင်ခြင်း မလုပ်ဘဲ ဆန့်ကျင်ကြဖို့ ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။
မွန်တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အပါအဝင် မွန်ပြည်သစ်ပါတီAD/ ရာမညမွန်တပ်တော် နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ ဩဂုတ် ၈ ရက်နေ့မှာ ကြေညာချက်ကိုယ်စီ ထုတ်ပြန်ခဲ့ကြတာပါ။
စစ်တပ်က နိုင်ငံကို အာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပတာဟာ အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်လို့ မွန်လူထုတွေ မပူးပေါင်းကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားတာပါ။
MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်တဲ့ ရွေးကောက်ပွဲတွေဟာ စစ်တပ်က နိုင်ငံတော်ရဲ့ အာဏာကို အကြီးအကျယ်အုပ်စိုးသွားမှာဖြစ်လို့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးတဲ့ ရွေးကောက်ပွဲကလည်း နောက်ဆိုရင် စစ်တပ်က ဒီနိုင်ငံတော်ရဲ့ အာဏာကို အကြီးအကျယ် သူတို့ အုပ်စိုးသွားမှာဖြစ်တယ်။ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ပြည်သူတွေရဲ့ အခန်းကဏ္ဍ ဘာမှ ပါမယ်မထင်ပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ မွန်နိုင်င့ရေးပါတီတွေ မွန်လူထုတွေ မျှော်လင့်တောင့် တတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကိုယ့်မွန်ပြည် ကိုယ်ပြန်လည် တည်ဆောက်ခွင့်ကိစ္စ အဲဒါတွေက တစ်ခါမှ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မယုံကြည်ဘူး”လို့ ဆိုပါတယ်။
လက်ရှိကာလမှာ အာဏာသိမ်း စစ်တပ်ဟာ မွန်လူငယ်တွေကို မတရား ဖမ်းဆီးပြီး တပ်သားအသစ်စုဆောင်း နေတာကြောင့် မွန်လူထုတရပ်လုံး ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။
မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်တပ်ရဲ့ စစ်ကော်မရှင်ကနေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေက စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဩဂုတ် ၁ ရက်နေ့ကစပြီး ဆင့်ခေါ်စာတွေ ပေးပို့နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထားတာပါ။
ဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေထံ မပျက်မကွက် သတင်းပို့ရမှာ ဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆင့်ခေါ်စာမှာ ဖော်ပြပါတယ်။
တစ်ဘက်မှာလည်း စစ်မှုထမ်းတွေ အစားထိုးဌားရမ်းဖို့ဆိုပြီး မြို့နယ်တချို့မှာရှိတဲ့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက တစ်အိမ်ကို ကျပ်ငွေ တစ်သောင်းနှုန်းနဲ့အထက် လစဉ် ကောက်ခံကြ တာလည်း ရှိနေပြန်တာပါ။
ဒါကြောင့် မွန်လူငယ်တွေအနေနဲ့ လွတ်လပ်တဲ့ အနာဂတ်သစ်အတွက် အဟန့်အတားဖြစ်နေတဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ရာ မွန်ပြည်အတွင်းရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်တပ်ကို တော်လှန်ကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားတာပါ။
နိုင်မွန်စိုင်းကတော့ တော်လှန်ရေးထဲ ဝင်မလုပ်နိုင်တဲ့ လူငယ်တွေကို စိုးမိုးနယ်မြေမှာ ပညာရေးအခွင့်အ ရေးတွေလည်း တတ်နိုင်သလောက် ဝိုင်းပံ့ပိုးပေးထားတာရှိသလို စစ်မှုထမ်းရှောင်ဖို့ ခဏသာ ခိုလှုံချင်ရင်လည်း ဆက်သွယ်နိုင်တယ်လို့ ပြောပါတယ်။
“တကယ်လို့ တော်လှန်ရေးထဲမှာ ဝင်မလုပ်နိုင်ဘူး။ တချို့ လူငယ်တွေ အရွယ်ငယ်သေးတယ်ဆိုရင် ပညာရေး အခွင့်အရေးတွေ ဘာတွေကိုလည်း ဒီဘက်မှာ ကျွန်တော်တို့ တော်လှန်ရေးစိုးမိုးနယ်မြေဘက်မှာ တတ်နိုင်သ လောက် ဝိုင်းပံ့ပိုးပေးတာ ရှိတယ်။ တကယ်လို့များ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ခဏသာ ခိုလှုံချင်တယ် တစ်ပတ်စာ နှစ်ပတ်စာ ခိုလှုံချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေး ဌာနကိုလည်း အဆက်အသွယ်တွေလုပ်ပြီး လူငယ်တွေ ခိုလှုံနိုင်ပါတယ်လို့ ကျွန်တော်တို့က ပြောပြချင်ပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD ကလည်း အတုအယောင် ရွေးကောက်ပွဲနဲ့ အတင်းအဓမ္မတပ်သားစုဆောင်းနေမှုကို ပြည်သူလူထုအနေနဲ့ ရရာနည်းလမ်းနဲ့ ဖြစ်စေ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲတာဖြစ်စေ ဆန့်ကျင်သွားဖို့ အလားတူ တိုက်တွန်းထားတာပါ။
အတုအယောင် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီ AD အနေနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အ သက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ဖို့ အသက်ဆက်မယ့် အဖွဲ့အစည်းအဖြစ် သတ်မှတ်သွားမယ်လို့ အသိပေးတာပါ။
လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့သာ ကြိုးပမ်းမယ်ဆိုရင် ပဋိပက္ခတွေ ပိုမိုကြီးမားကျယ်ပြန့်လာမှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD က ထောက်ပြသတိပေးထားတာ ဖြစ်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ အတုအယောင် ရွေးကောက်ပွဲမှာ တချို့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အာဏာရှင်နဲ့အတူ ပူးပေါင်းနေတာက လူထုရဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ဖျက်ဆီး နေတာမို့ ကန့်ကွက်ရှုံ့ချထားတာပါ။
ဒါကြောင့် စစ်အာဏာရှင် ပြုလုပ်တဲ့ ဘယ်လိုမျိုး ရွေးကောက်ပွဲကိုမဆို MSDF အနေနဲ့ လက်မခံဘဲ တော်လှန်ရေး၊ နိုင်ငံရေး ရည်မှန်းချက် ရည်ရွယ်ချက်တွေနဲ့အညီ ဆက်လက် ကြိုးစားသွားမယ် အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

