ဝါရှင်တန်၊ ဇူလိုင် ၂၂

တရုတ်နိုင်ငံဆီ ပုဂ္ဂိုလ်ရေးအရ သွားရောက်နေတဲ့ အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံး ဝန်ထမ်းတစ်ဦးကို ဘေဂျင်းအစိုးရက နိုင်ငံထဲကနေ ထွက်ခွာခွင့် တားမြစ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။

ဒီကိစ္စကို မိမိတို့ အနီးကပ် စောင့်ကြည့်နေပြီး အခြေအနေကို တတ်နိုင်သမျှ ပြေလည်စေဖို့ တရုတ် အာဏာပိုင်တွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံးဟာ ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိပါတယ်။

တရုတ်က ဖမ်းဆီးထားတယ်ဆိုတဲ့ အမေရိကန် အစိုးရဝန်ထမ်းရဲ့ နာမည်ကို ဖော်ပြထားတာ မရှိသေးပါဘူး။

ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးနဲ့ အမေရိကန် စီးပွားရေးဝန်ကြီးဌာနတို့ကလည်း မှတ်ချက် မပေးပါဘူး။

မိသားစုနဲ့ တွေ့ဆုံဖို့ အဲဒီ အမေရိကန်ဝန်ထမ်းဟာ လွန်ခဲ့တဲ့ လအနည်းငယ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ Washington Post သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန် အစိုးရအတွက် အလုပ်လုပ်နေသူ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ဗီဇာလျှောက်ထားမှုကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တာကြောင့် ထိန်းသိမ်းခံရတာ ဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။

အရပ်ဖက် အငြင်းပွားမှု၊ ဥပဒေစည်းကြပ်မှု၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသားတွေကိုရော နိုင်ငံခြားသားတွေကိုပါ ဘေဂျင်းက ပြည်ပထွက်ခွင့် ပိတ်ပင်လေ့ ရှိပါတယ်။

ဝါရှင်တန်နဲ့ ဘေဂျင်းတို့ဟာ ထိုင်ဝမ်အရေး၊ ကိုဗစ် မူလအစနဲ့ အခွန်အတုပ် တိုးမြှင့်မှုတွေအထိ နယ်ပယ် တော်တော်များများမှာ တင်းမာမှုတွေ ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.