စင်ကာပူ၊ ဇူလိုင် ၂၂

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းစစ်သား သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်ဆိုပြီး ထိုင်းအစိုးရက အိမ်နီးချင်း ကမ္ဘောဒီးယားကို ဇူလိုင် ၂၀ ရက်မှာ စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမို နက်ရှိုင်းလာပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဆက်သွယ်ဖို့ စိတ်ဆန္ဒမရှိဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကပြောကြားပြီး နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းတွေကြား အပြန်အလှန် ပြစ်တင်ဝေဖန်နေချိန်မှာ အခုလို ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ သူတို့ အာဏာတည်မြဲချိန်က အရင်းနှီးဆုံး မဟာမိတ်တွေအဖြစ် အများက ရှုမြင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

သက်ဆင်ရဲ့ သမီး ထိုင်းဝန်ကြီးချုပ်ဟောင်း ပေကွန်ထန် ရှင်နာဝါထရာဟာ မောက်မာပြီး မိမိအပေါ် နှိမ့်ချ ဆက်ဆံတာကြောင့် သက်ဆင်နဲ့ အဆက်ဖြတ်သင့်သူဟာ မိမိပဲ ဖြစ်တယ်လို့ ဟွန်ဆန်က ပြောထားပါတယ်။

စွဲချက်တွေ အများကြီး အတင်ခံထားရပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူ တစ်ယောက်နဲ့ ဆက်သွယ်ပြောဆိုဖို့ မိမိအနေနဲ့ စိတ်မဝင်စားဘူးလို့လည်း ဟွန်ဆန်က ပြောပါတယ်။

ဟွန်ဆန်နဲ့ ဆက်သွယ်ပြောဆိုတာတွေ ရပ်တန့်ရမှာဖြစ်ပြီး မိမိရဲ့ ပြောဆိုမှုတွေကို တိတ်တဆိတ် အသံဖမ်းထားမှာ စိုးရိမ်ရတယ်လို့ သက်ဆင်က ထိုင်းမီဒီယာသို့ ပြောဆိုထားပါတယ်။

မိမိမှာသာ ကျင့်ဝတ်စောင့်ထိန်းမှု မရှိခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၂၅ အထိ ၁၉ နှစ်လုံးလုံး ဘာကြောင့် မိမိကိုပဲ အားကိုးခဲ့သလဲဆိုတာကို မေးချင်ကြောင်းနဲ့ မိမိရဲ့ အကြံကို အမြဲ နားထောင်ပြီး မိမိကို နံပါတ် ၁ ခေါင်းဆောင်လို့တောင် သက်ဆင်က ခေါ်ဝေါ်ခဲ့ကြောင်း ဟွန်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံရေးမှာ သက်ဆင် ပါဝင်လာပြီးကတည်းက ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်လာရတယ်လို့လည်း ဟွန်ဆန်က ဆိုပါတယ်။

ဇူလိုင် ၁၆ ရက်က ချောင်ဘွတ်ခ်ဒေသမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှု အတွင်း ဒဏ်ရာရခဲ့တဲ့ ထိုင်းစစ်သား သုံးယောက်မှာ တစ်ယောက် ခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီ မိုင်းတွေဟာ ထိုင်းလက်နက်တိုက်ထဲက ပစ္စည်းတွေ မဟုတ်ဘဲ လောလောလတ်လတ် ထောင်ထားတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပြီး နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ထိုင်းအချုပ်အခြာအာဏာကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.