မြဝတီ၊ ဇူလိုင် ၁၂
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါ်လေဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ဥကရစ်ထ မဆုတ်တမ်းခံစစ် ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အတည်ပြုထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ ဥကရစ်ထ မဆုတ်တမ်းခံစစ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်မှာ သိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးဟာ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးသွားတာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စခန်းကုန်းရဲ့ နေရာတချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်ခုခံခဲ့တာကြောင့် စခန်းသိမ်းနိုင်ခြင်း မရှိတဲ့အပေါ်မှာ သက်ရှိစည်းရိုးဆိုတဲ့ ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကား ရိုက်လွှင့်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ဝါဒဖြန့် အဲဒီရုပ်ရှင်ဇာတ်ကားအရ အင်အား ၂၃ ဦးသာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ စခန်းမကျရေးအတွက် အသက်ပေးကာကွယ်ခဲ့ကြောင်းနဲ့ အသက်သာ သေသွားမယ် စခန်းမကျစေရဘူးလို့ ရိုက်ကူးဖော်ပြခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးဗျူဟာအရ အလွန်ရေးပါတဲ့ ဥကရစ်ထဗျူဟာစခန်းကို အင်အား ၁၀၀ ကျော် ဖြည့်တင်းခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံး စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
ဥကရစ်ထဗျူဟာစခန်း သိမ်းပိုက်ခံရမှုအပေါ် လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

