ဘန်ကောက်၊ ဇွန် ၉
ဘန်ကောက်မြို့နဲ့ ဖနွမ်းပင်၊ ဆီယမ်ရိဒ်မြို့တို့ကြား ထိုင်းအစိုးရပိုင် Transport ကုမ္ပဏီ ပြေးဆွဲနေတဲ့ ဘတ်စ်ကား ဝန်ဆောင်မှုကို ဇွန် ၈ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။
ခရီးသွားဘတ်စ်ကားတွေကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က မဖြတ်သန်းရဘူးလို့ တားမြစ်ထားတာကြောင့် ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ အစိုးရပိုင်လုပ်ငန်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။

ဘန်ကောက်-ဆီယမ်ရိဒ်လမ်းကြောင်းဟာ ၄၁၉ ကီလိုမီတာ ရှည်တယ်လို့ အဲဒီကုမ္ပဏီရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ လမ်းကြောင်းမှာ ဘတ်စ်ကားတွေ တစ်နေ့ နှစ်ကြိမ် ပြေးဆွဲပြီး ဘန်ကောက်နဲ့ ဆီယမ်ရိဒ်ကနေ မနက် ၉ နာရီမှာ ထွက်ခွာတဲ့ ခရီးစဉ်တွေ ဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်အတွက် ဘတ်စ်ကားခ ဘတ် ၇၅၀ ပေးရတယ်လို့ သိရပါတယ်။
ဘန်ကောက်နဲ့ဖနွမ်းပင် လမ်းကြောင်းကတော့ ၇၁၉ ကီလိုမီတာ ရှည်ပြီး ဒီလမ်းကြောင်းမှာလည်း ဘတ်စ်ကားတွေ တစ်နေ့ နှစ်ကြိမ် ပြေးဆွဲနေတာ ဖြစ်ပါတယ်။

ခရီးစဉ်တစ်ခုစီဟာ ဘန်ကောက်နဲ့ ဖနွမ်းပင်ကနေ မနက် ၈ နာရီမှာ ထွက်ခွာတာ ဖြစ်ပြီး ဘတ်စ်ကားခ ဘတ် ၉၀၀ ကျသင့်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ ခေတ္တ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ရာကနေ ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးသွားပြီးနောက် နှစ်ဖက် ဆွေးနွေးမှုတွေ ရှိပေမယ့် တင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီ အငြင်းပွားမှုကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ ထိုင်းက အဆိုပြုထားပေမယ့် ကမ္ဘောဒီးယားက နိုင်ငံတကာ တရားရုံးမှာ ဖြေရှင်းလိုကြောင်း ပြောဆိုထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အရင်ကလည်း ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးပြီး နိုင်ငံတကာတရားရုံးက ကြားဝင် ဆုံးဖြတ်ခဲ့ရပါတယ်။
Ref:Bangkokpost