တိုကျို၊ ဖေဖော်ဝါရီ ၄

ဂါဇာကမ်းမြောင်ဒေသရှိ နာမကျန်းဖြစ်နေသူတွေနဲ့ ဒဏ်ရာရထားသူတွေကို ကမ္ဘာ့ စတုတ္ထအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ဂျပန်မှာ လာရောက် ဆေးဝါးကုသခွင့် ကမ်းလှမ်းဖို့ အစိုးရက စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

ဂါဇာရှိ နာမကျန်းဖြစ်သူတွေနဲ့ ဒဏ်ရာရထားသူတွေကို ဂျပန်မှာ ကူညီ ထောက်ပံ့ရေး မူဝါဒအတွက် အစိုးရ စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ် အီရှီဘာက ဖေဖော်ဝါရီ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ ဂါဇာရှိ ပြည်သူတွေအတွက် ပညာရေး ဆိုင်ရာ အခွင့်အလမ်းတွေ ကမ်းလှမ်းရေးလည်း စီစဉ်နေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ဆီးရီးယားဒုက္ခသည်တွေကို ဂျပန်မှာ ကျောင်းသားတွေအဖြစ် လက်ခံရေး အစီအစဉ်နဲ့ပတ်သက်လို့ ဂါဇာ ပြည်သူတွေအတွက်လည်း အသုံးချလို့ ရ မရ လွှတ်တော်အမတ်တွေရဲ့ မေးမြန်းချက်ကို ဝန်ကြီးချုပ် အီရှီဘာက အခုလိုမျိုး ဖြေကြားသွားတာ ဖြစ်ပါတယ်။

ဆီးရီးယား ဒုက္ခသည်တွေအတွက် လုပ်ပေးခဲ့တဲ့ အစီအစဉ်လိုမျိုး ဂါဇာ ပြည်သူတွေအတွက်လည်း လုပ်ဆောင်ပေးဖို့ ဂျပန်အစိုးရက စီစဉ်ဆောင်ရွက်နေပြီး လက်တွေ့အကောင်အထည်ပေါ်လာစေရေး ကြိုတင် ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်နိုင်ငံက ဒုက္ခသည် လက်ခံမှု နည်းပါးလွန်းတဲ့အတွက် ဝေဖန်ခံနေရပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တာတွေက ဂျပန်ရဲ့ ဒုက္ခသည် လက်ခံရေးမူနဲ့ ခြားနားတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က ဂျပန်မှာ ခိုလှုံခွင့် လျှောက်ထားသူ ၁၃၈၂၃ ရှိတဲ့အထဲက ၁၀ ရာခိုင်နှုန်းအောက်ဖြစ်တဲ့ လူပေါင်း ၁၃၁၀ ကိုပဲ တိုကျိုအစိုးရက ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ဒုက္ခသည်တွေအဖြစ် သတ်မှတ်ထားတဲ့ ဆီးရီးယားနိုင်ငံသား ၈၂ ဦးကို ဂျပန်က ကျောင်းသားတွေအဖြစ် လက်ခံထားပါတယ်။

ဒါက ဂျပန်ရဲ့ နိုင်ငံခြားသို့ ရေရှည် အကူအညီပေးရေး မူဝါဒ တစ်စိတ်တစ်ပိုင်းအနေနဲ့ အနာဂတ် ဆီးရီးယားခေါင်းဆောင်တွေကို ပညာသင်ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းနယ်မြေထဲက လူနာ ၆၀၀၀ ကို တခြားနေရာဆီ လွှဲပြောင်းထားပြီး တခြား လူနာ ၁၂၀၀၀ ကျော်ဟာ ဆေးဝါးကုသဖို့ အသည်းအသန် လိုအပ်နေတယ်လို့ ဂါဇာဆေးရုံ ညွှန်ကြားရေးမှူးက ပြောကြားထားပါတယ်။

အပစ်ခတ် ရပ်စဲထားချိန်အတွင်း ကင်ဆာ ဖြစ်နေတဲ့ ကလေးငယ်တွေ အပါအဝင် ဂါဇာရှိ အရေးကြီး လူနာ ၅၀ ကို ဘေးကင်းရာသို့ ပို့ဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.