အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားနိုင်ခြေ မြင့်တက်နေပြီလို့ ကုလအကြီးအကဲ သတိပေး

0
28

နယူးယောက်၊ဧပြီ ၂၀

အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မြင့်တက်လာနေတဲ့အတွက် ရာနှုန်းပြည့် ပဋိပက္ခဖြစ်ပွားနိုင်ခြေ မြင့်တက် နေပြီလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။

အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းနယ်မြေမှာ ပိတ်မိနေသူတွေအတွက် လူသားချင်းစာနာမှု ငရဲခန်းလိုဖြစ်နေတယ်လို့ ဂူတာရက်စ်က ဆိုထားပါတယ်။

ဂျော်ဒန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေအပါအဝင် နိုင်ငံခြားရေးဝန်ကြီးအများအပြားတက် ရောက်ခဲ့ကြတဲ့ အဆင့်မြင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဂူတာရက်စ်က အခုလိုပြောခဲ့တာပါ။

တွက်ချက်မှုတစ်ခုခုနားလည်မှု တစ်ခုခုဆက်သွယ်မှု တစ်ခုခုမှားယွင်းသွားရင် အရှေ့အလယ်ပိုင်းဒေသမှာ ရာနှုန်းပြည့် ပဋိပက္ခဖြစ်လာမှာဖြစ်ပြီး ပါဝင်ပတ်သက်သူ အားလုံးဆိုးရွားလွန်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့သူက သတိပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပါဝင်လှုပ်ရှားနေသူတွေအနေနဲ့ အမြင့်မားဆုံးထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း ကုလအကြီးအကဲက တိုက်တွန်းထားပါတယ်။

ဂါဇာမှာ ဟားမာ့စ်အဖွဲ့ကို အစ္စရေးက အမြစ်ဖြတ်ချေမှုန်းရေး ကြိုးပမ်းနေချိန်မှာ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို တိုက်ခိုက်နေသလို အီရန်ကလည်း အစ္စရေးကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆီးရီးယားအခြေစိုက် အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအတွက် အစ္စရေးကို လက်တုံ့ပြန်ပြီး မောင်းသူမဲ့ လေယာဉ်တွေ၊ဒုံးကျည်တွေနဲ့ အစ္စရေးကို လက်စားချေတိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

ဒါ့အပြင် ဟူသီသူပုန်တွေကလည်း အစ္စရေးကို တိုက်ခိုက်နေသလို ပင်လယ်နီကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်သင်္ဘောတွေကိုလည်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ကုလအကြီးအကဲက လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ရပ်စဲကြဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.