ရေဖြူမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

0
36

ရေဖြူ၊ မတ် ၃၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရာဖူး၊ လော့သိုင်းနဲ့ကျွဲတလင်းကျေးရွာတွေကို မနေ့ မတ် ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီနေ့ မွန်ပြည်နယ်နဲ့တနင်္သာရီနယ်စပ်မှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာ၊ ရေး-ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၁ စီးတို့နဲ့ ဗုံးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ဈေးဆိုင်တွေ ပျက်စီးတာတွေ ရှိခဲ့ပေမယ့် အရေအတွက်အတိအကျ မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦး ဗုံးစထိမှန်သေးခဲ့တယ်လို့ သိရပါတယ်။

ရေး-ထားဝယ်လမ်းပိုင်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ခရီးသွားကား ရာနဲ့ချီပိတ်မိခဲ့သလို ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ဟာ အခုလအတွင်း တန င်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.