မော်လမြိုင်မှာ ထောက်ပို့စွပ်စွဲချက်နဲ့ ဒေသခံနှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

0
50

မော်လမြိုင်၊ မတ် ၃၀

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံနှစ်ဦး ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ စစ်ကောင် စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က မော်လမြိုင်မြို့နယ် ခရွန်းရှမ်းကျေးရွာနေ ကိုနေဝင်းထွန်းအား PDF တွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ကိုနေဝင်းထွန်းအား စစ်ဆေးစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို Wave Money နဲ့ Kpay တို့နဲ့ ငွေကြေးထောက်ပံ့ထားတာတွေအပြင် Viber Group နဲ့ဆက်သွယ်ကာ ထောက်ပို့အဖြစ် ဆောင် ရွက်နေတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုနေဝင်းထွန်းနဲ့ Viber Group မှာ ဆက်သွယ်ပြောဆိုထားတဲ့ မော်လမြိုင်မြို့နယ် ကော့ခမယ်ကျေးရွာ မချစ်စုထွေးကိုလည်း ဖမ်းဆီးစစ်ဆေးစဉ် PDF တွေထံ ငွေကြေးထောက်ပံ့ထားတဲ့ စာတွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်ကြောင့် ကိုနေဝင်းထွန်းနဲ့ မချစ်စုထွေးတို့ကို စစ်ကောင်စီက မုပွန်နယ်မြေရဲစခန်းမှာ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

အလားတူ အခုလအတွင်း စစ်ကောင်စီဟာ သံဖြူဇရပ်မြို့နယ်နေ ဒေသခံလူငယ် ၇ ဦးကို PDF ထောက်ပို့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.