သပိတ်မှောက်ဆရာဝန်တွေ လုပ်ငန်းခွင် ပြန်မဝင်ရင် အရေးယူမယ်လို့ ကိုရီးယားအစိုးရ သတိပေး

0
35

ဆိုးလ်၊ မတ် ၁

အလုပ်ပြန်ဆင်းဖို့ နောက်ဆုံးရက်သတ်မှတ်ထားပေမယ့် ဆရာဝန်အများစုဟာ အလုပ်ပြန်မဝင် ကြသေးဘူးလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးကပြောခဲ့ပြီး အလုပ်ပြန်မဆင်းရင် ဥပဒေအရ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။

အငယ်တန်းဆရာဝန် ၁၀၀၀၀ လောက်ဟာ ဆရာဝန်အရေအတွက် လျော့ကျနေမှုနဲ့ သက်ကြီး ရွယ်အို အရေအတွက် ပိုများလာတဲ့အခြေအနေကိုဖြေရှင်းဖို့ အစိုးရက ဆေးကျောင်းဝင်ခွင့် ပိုမိုပေးသွားမယ့် အစီအစဉ်ကို ကန့်ကွက်ပြီး သပိတ်မှောက်နေကြတာပါ။

ဆရာဝန်တွေအလုပ်မဆင်းဘဲ နေတာကြောင့် ဆေးရုံတွေမှာ အခက်ကြုံနေရပြီး အစိုးရရဲ့ အစီအစဉ်ကြောင့် ဝန်ဆောင်မှုပေးနေတဲ့ အရည်အသွေးကို ထိခိုက်စေလိမ့်မယ်လို့ ဆရာဝန်တွေကဆိုထားပြီး အစိုးရရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချထားတာပါ။

တောင်ကိုရီးယား ဥပဒေအရ ဆရာဝန်တွေ သပိတ်မမှောက်ရဘူးလို့ တားမြစ်ထားသလို သပိတ် မှောက်ဆရာဝန်တွေအနေနဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး အလုပ်ပြန်မဆင်းဘူး ဆိုပါက ဥပဒေအရ အရေးယူမှာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ လိုင်စင်တွေကိုလည်း ဆိုင်းငံ့သွားမယ်လို့ အစိုးရက ခြိမ်းခြောက်ထားပါတယ်။

အလုပ်သင် ဆရာဝန်တချို့က အလုပ်ပြန်ဆင်းခဲ့ကြပေမယ့် အချိန်ပြည့်အလုပ်ဆင်းတာမျိုး မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီး ချိုကျိုဟွန်က ပြောပါတယ်။

ဆရာဝန်တွေအစုလိုက်အပြုံလိုက် သပိတ်မှောက်မှုကြောင့် ခွဲစိတ်ကုသမှု၊ဓာတုကုထုံးကုသမှု တွေနဲ့ ခွဲမွေးဖို့ စီစဉ်ထားတာတွေကို ဖျက်သိမ်းခဲ့ရတာမျိုးတွေရှိသလို ရွှေ့ဆိုင်းခဲ့ရတာတွေ လည်းရှိခဲ့တာကြောင့် အစိုးရက ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကြေညာ ခဲ့ရတယ်လို့ သိရပါတယ်။

အစိုးရရဲ့အစီအစဉ်ကို တောင်ကိုရီးယား နိုင်ငံသား ၇၅ ရာခိုင်နှုန်းက ထောက်ခံတယ်လို့ စစ်တမ်း တွေမှာ ဖော်ပြထားတဲ့အတွက် ဆေးကျောင်းတက်ရောက်ခွင့် ၆၅ ရာခိုင်နှုန်းတိုးမြှင့်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

သပိတ်မှောက်ဆရာဝန်တွေအပေါ် သဘောထား တင်းတင်းမာမာနဲ့ ဆက်ဆံခဲ့တဲ့ သမ္မတ ယွန်ဆွတ်ယိုအပေါ်ကိုလည်း လူထုထောက်ခံမှု မြင့်တက်လာတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ သပိတ်မှောက်မှုနဲ့ ဆက်စပ်နေသူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုထားတယ်လို့ ကျန်းမာရေးဝန်ကြီးက အသိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.