ရေပြင်ပိုင်နက် တစ်လက်မမှ လက်လွှတ်ခံရမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတပြော

0
34

ကန်ဘာရာ ၊ မတ် ၁

တရုတ်နဲ့ ရေပြင်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုမှာ ထောက်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကိုစ့်က မိမိရဲ့ နိုင်ငံဟာ ဒေသဆိုင်ရာငြိမ်းချမ်းရေးတိုက်ပွဲမှာ ရှေ့တန်းနေရာ က ပါဝင်နေတယ်လို့ ဩစတြေးလျလွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းရိုးတန်းအလွန် ရေပြင်မှာ တရုတ်စစ်သင်္ဘောတွေ ရောက်ရှိနေပြီး ဒေသဆိုင်ရာ ငြိမ်းချမ်းမှုဆုတ်ယုတ်စေကာ ဒေသဆိုင်ရာ တည်ငြိမ်မှု ပျက်ပြားစေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တားဆီးရေး ရှေ့ဆုံးက ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် ဖိလစ်ပိုင်ရဲ့ အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်တစ်လက်မကိုမှ အင်အားကြီး နိုင်ငံတွေအား သိမ်းယူခွင့်ပေးသွားမှာ မဟုတ်ဘူးလို့ မားကိုစ့်က ပြောပါတယ်။

ဒေသတွင်းကလည်း ကန့်ကွက်နေပြီး နိုင်ငံတကာ တရားရုံးက တရုတ်ရဲ့ တစ်ဘက်သတ်နယ်မြေ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် တရုတ်ဘက်ကတော့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတာပါ။

တရုတ်ဟာ ၂၀၁၂ ခုနှစ်ကသူတို့ သိမ်းယူထားတဲ့ ဒေသတဝိုက်မှာ ရေတပ်သင်္ဘောတွေချထားပြီး ဖိလစ်ပိုင် သင်္ဘောတွေ မဝင်ရောက်နိုင်အောင် တားဆီးနှောင့်ယှက်နေတယ်လို့ သိရပါတယ်။

အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်ဟာ နိုင်ငံတွေအတွက် မဟာဗျူဟာအရ အရေးပါပြီး မရှိမဖြစ်လိုအပ်တဲ့ လောင်စာ၊စားနပ်ရိက္ခာနဲ့ တခြားကုန်စည်တွေ တင်ပို့မှု၊ တင်သွင်းမှုတွေအတွက် အရေးပါတဲ့ ရေလမ်းကြောင်းလည်းဖြစ်ပါတယ်။

ဖိလစ်ပိုင်အပါအဝင် တခြားနိုင်ငံတွေဟာ အမေရိကန်ထောက်ခံမှုနဲ့အတူ ဒီရေလမ်းကြောင်းဟာ လွတ်လပ်ပွင့်လင်းမှုရှိသင့်တယ်လို့ တုံ့ပြန်ထားကြပါတယ်။

အရေးကြီးတဲ့ ကမ္ဘာ့နှလုံးသွေးကြောလို ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ကို ကာကွယ်ရေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ရေရှည်တည်တန့်ရေးအတွက် အရေးကြီးတယ်လို့ မားကို့စ်က အသိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.