ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံမူကြမ်း အတည်ပြု

0
46

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၉

နှစ်ရက်တာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံမှာ တော်လှန်ရေးကာလ ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (သုညမူကြမ်း)ကို အတည်ပြုနိုင်ခဲ့တယ်လို့ ညီလာခံအပြီး ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အဲဒီမူကြမ်းကို မွန်ပြည်အတွင်း အခြေစိုက်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး ဖွဲ့စည်းပုံ အတည်ပြုချက် ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေးတာပါ။

ဒါပေမယ့် ဒုတိယကြိမ် ညီလာခံမှာ အတည်ပြုနိုင်ခဲ့တဲ့ မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုတော့ တရားဝင် ထုတ်ဖော်ပြသခြင်း မရှိခဲ့ပါဘူး။

တစ်ဖက်မှာ မွန်ပြည်နယ်အတွင်း အားနည်းနေဆဲဖြစ်တဲ့ နိုင်ငံရေး စစ်ရေး ပူးပေါင်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်ထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်ဖို့ လိုအပ်တဲ့ ကော်မတီတွေ လုပ်ငန်းစဉ်တွေ ချမှတ်သွားဖို့ ညီလာခံက ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ နဲ့ ၂၉ ရက်နေ့အတွင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ်ညီလာခံမှာ တက်ရောက်သူ ကိုယ်စားလှယ် ၈၂ ဦးနဲ့ လေ့လာသူ ၉ ဦး ရှိပါတယ်။

အဲဒီထဲမှာ ကောင်စီဝင်တွေ၊ ကော်မတီ ၃ ရပ်က အဖွဲ့ဝင်တွေ၊ ပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေက ဦးဆောင်သူတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းတွေ၊ CDM အဖွဲ့အစည်းတွေ၊ အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတို့ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီအတွင်း မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပြုလုပ်တဲ့ ပထမကြိမ်ညီလာခံအပြီး ပြည်နယ်ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် အသွင်ကူးပြောင်းခဲ့တာပါ။ 

လက်ရှိမှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ မွန်ပြည်အခြေပြုလက်နက်ကိုင်တပ်အဖြစ် မွန်ပြည်တော်လှန်ရေးတပ် MSRF ကို တည်ထောင်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာလည်း ဝန်ကြီး သုံးဦးနဲ့ NUCC မှာ ကိုယ်စားလှယ်သုံးဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.