မကွေး ဩဂုတ် ၁၃

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၁၂ ရက် ညပိုင်းက အနောက်ဂန့်ဂေါ ရှုံ့ရှီနဲ့ ပိတောက်ကုန်းရွာကြားမှာ CDF-KKG တပ်ရင်း ၆ ရဲ့ တာဝန်ခံနဲ့ ရဲဘော် ၁ ဦး၊ စစ်ရှောင် ၁ ဦး တို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

“မနေ့က Black Dragon Force အထူးလှုပ်ရှားစစ်ကြောင်းက လက်နက်အပြည့်စုံနဲ့ မန်ကျည်းခင်ရွာကို လာတယ်။ အဲဒီမှာ ပြည်သူက စိုးရိမ်ပြီး KKG ကိုဖုန်းဆက်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းခုန်ဖြစ်ကြပြီး သတ်ဖြတ်ခံရတယ်လို့ ယူဆပါတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

Black Dragon Force အဖွဲ့က စည်းရုံးရေးလာရောက်လုပ်ဆောင်တဲ့ မန်ကျည်းခင်ကျေးရွာဟာ CDF-KKG ရဲ့လှုပ်ရှားနယ်မြေဖြစ်တာကြောင့် ဒေသခံတွေက CDF-KKG ကိုသတင်းပို့ပေးခဲ့တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ သတ်ဖြတ်ခံရတဲ့ CDF -KKG ရင်း ၆ တာဝန်ခံက Black Dragon Force တာဝန်ရှိသူတွေကို နောက်တစ်ကြိမ် လက်နက်အပြည့်အစုံနဲ့ မလာဖို့၊ သတင်းကြိုတင်ပေးပို့ဖို့ ဖုန်းဆက်ပြောဆိုရာကနေ အချေအတင်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို အချေအတင် ဖြစ်ရာကနေ CDF-KKG တာဝန်ခံနဲ့ ရဲဘော် ၁ ဦး စစ်ရှောင် ၁ ဦးတို့က Black Dragon Force ရှိရာကို အသွားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လက်နက်ပါသွားမသွားကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

သတ်ဖြတ်တယ်လို့ ယူဆလို့ရတဲ့ Black Dragon Force က တာဝန်ရှိသူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပြီး သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.