မော်လမြိုင်၊ သြဂုတ် ၁၃
မော်လမြိုင် ငွေမိုးလုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်တဲ့ ခရိုနီ ဦးမိုးကျော်ဟာ မွန်ပြည်နယ် လွှတ်တော်ရဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်မှုဟာ ခရိုနီ တစ်ဦးကို ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ထဲ ဆွဲသွင်းမှုလို့ ဆိုရမှာပါ။
ခရိုနီ တစ်ဦးကို လွှတ်တော်ထဲ ခေါ်သွင်းမှုဟာ စစ်တပ် ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ အနိုင်ရရှိပြီး မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးသက်ထွေးအပေါ် အဓိက တာဝန် ရှိနေပါတယ်။
ခရိုနီ ဦးမိုးကျော်ဟာ ဦးသိန်းစိန် အစိုးရ ဦးဆောင်ခဲ့တဲ့ ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော်မှာ မော်လမြိုင် ကမ်းနားလမ်း တိုးချဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ငွေကျပ် သိန်းပေါင်း သောင်းချီ အစိုးရထံ ငွေမသွင်းလို့ လွှတ်တော်က အကြိမ်ကြိမ် ဆင့်ခေါ်ခံရတဲ့ ခရိုနီ တစ်ဦးလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် လွှတ်တော်ရဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီကို သြဂုတ် ၁၂ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာပါ။
အဲဒီအကြံပေး ကော်မတီကိုတော့ အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူးအဖြစ် ကျိုက်မရောမြို့နယ် အမှတ် ၁ ကိုယ်စားလှယ် ဦးအောင်ထွဋ်ကို ခန့်အပ်ထားပါတယ်။
ကျန်တဲ့ ကော်မတီဝင် ၉ ဦးမှာ မော်လမြိုင် ငွေမိုးလုပ်ငန်းစုက ခရိုနီ ဦးမိုးကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ နာမည်တူ ဦးမိုးကျော်၊ မွန်ပြည်နယ် ဂီတအစည်းအရုံး ဒုဥက္ကဋ္ဌဖြစ်တဲ့ စစ်မှုထမ်း(ငြိမ်း) ဦးမောင်မောင်ဇော်ထွန်း၊ တရားလွှတ်တော် ရှေ့နေ နှစ်ဦးဖြစ်တဲ့ ဦးမောင်ရွှေ၊ ဦစန်းကြည်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်ရဲ့ သက်တော်ရင့် ပြည်နယ်ဦးစီးမှူး အငြိမ်းစားတွေဖြစ်တဲ့ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး(ငြိမ်း) ဦးခင်အောင်သွင်၊ ပြည်နယ် လျှပ်စစ်အင်အင်ဂျင်နီယာ(ငြိမ်း) ဦးဝင်းဘို၊ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကြည်ဝေ၊ ပြည်နယ်ဦးစီးမှူး(ငြိမ်း) ဦးသန်းဌေးတို့နဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒီကော်မတီကို ဥပဒေမူကြမ်းတွေ၊ မေးခွန်းတွေ၊ အဆိုတွေ၊ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေးရင် စိစစ်သုံးသပ်ပြီး ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်တွေကို အကြံပြုနိုင်တဲ့အထိ လုပ်ပိုင်ခွင့် ပေးအပ်ထားပါတယ်။
ဒါ့အပြင် ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာ ရေးရာကော်မတီ အစည်းအဝေးတွေ တက်ရောက် အကြံဉာဏ်ပေးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ဥပဒေရေးရာ ကိစ္စရပ်တွေ၊ အများပြည်သူ ဆိုင်ရာ ကိစ္စရပ်တွေမှာပါ ဝင်ရောက် အကြံပေးနိုင်ပါတယ်။
ဝါရင့်နိုင်ငံရေးသမား တစ်ဦးကတော့ ဒီကော်မတီ ဖွဲ့စည်းမှုဟာ ခရိုနီတွေ ပါဝင်တဲ့ အဖွဲ့ကို လွှတ်တော် အိမ်ဦးခန်း ပို့တာ ဖြစ်ပြီး မဖြစ်သင့်တဲ့ ကိစ္စရပ် တစ်ခု ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ရှင်းရှင်း ပြောရရင် ခရိုနီတွေကို လွှတ်တော်ထဲ ဆွဲထည့်တာပေါ့။ ဒီအဖွဲ့က လွှတ်တော် အိမ်ဦးခန်းမှာ နေကြဆိုတဲ့ သဘောပါ”လို့ သူက မှတ်ချက်ပြုထားပါတယ်။
လက်ရှိ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ တိုင်ကြားစာ ကော်မတီအပါအဝင် ကော်မတီ ခြောက်ခု ဖွဲ့စည်းထားပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဟာ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ ကော်မတီ အားလုံးကို အကြံပေးနိုင်တယ်လို့ ဆိုထားပါတယ်။
လွှတ်တော် ရေးရာ ကော်မတီတွေဟာ နိုင်ငံတကာစံနှုန်းတွေအရ လွှတ်တော် အငယ်စားတွေ ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာတွေကို ထိန်းကျောင်းရာမှာ အလွန်အရေးပါတဲ့ အဖွဲ့အစည်းပါ။
လွှတ်တော် အငယ်စားတွေလို့ ဆိုရမယ့် လွှတ်တော် ရေးရာ ကော်မတီတွေကို အကြံပေးမယ့် အဖွဲ့မှာ ခရိုနီတွေ ပါဝင်နေမှုအပေါ် လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေအတွင်း ဝေဖန်မှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို စုံစမ်းသိရှိရပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်အတွင်းရှိ တင်ဒါလုပ်ငန်း ၁၀၀ မှာ မော်လမြိုင် ငွေမိုးလုပ်ငန်းစုက အနည်းဆုံး တင်ဒါ ၂၀ ရာခိုင်နှုန်း ထက်မနည်း လုပ်ပိုင်ခွင့်ရရှိနေပါတယ်။
မွန်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဦးအောင်ကျော်သူကတော့ ခရိုနီ ဦးမိုးကျော်ကို လွှတ်တော် အကြံပေးအဖွဲ့ထဲ ခန့်အပ်မှုဟာ သူရဲ့ တင်ဒါလုပ်ငန်းတွေနဲ့ စီမံကိန်းတွေကို လွှတ်တော်က ထိန်းကျောင်းနိုင်မှု အားနည်းသွားနိုင်တယ်လို့ ထောက်ပြပါတယ်။
မော်လမြိုင် ခရိုနီ ဦးမိုးကျော်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ မော်လမြိုင် လှိုင်ရတနာ မြို့သစ်စီမံကိန်းမှာလည်း အစိုးရထံ အခွန်ငွေ သိန်းပေါင်းသောင်းချီ အခွန်မသွင်းဘဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်စားခဲ့ပါတယ်။
မော်လမြိုင် ခရိုနီ ဦးမိုးကျော်ကို လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကအစ ပြည်နယ်အဆင့် အခမ်းအနားတွေမှာ ဝန်ကြီးနေရာတွေနဲ့ တပြေးတည်းထားပြီး ထိုင်ခုံနေရာပေးတာတွေ ရှိနေပါတယ်။
အာဏာရှင် အစိုးရ အဆက်ဆက် လုပ်ပိုင်ခွင့်ရရှိခဲ့တဲ့ မော်လမြိုင် ခရိုနီ ဦးမိုးကျော်ကတော့ ဘယ်သူဟာ ပြည်နယ်အတွက် ဘယ်လို ကောင်းကျိုးပြုကြောင်း၊ လူတွေရဲ့ ဝေဖန်ကို ဘယ်တော့ အရေးတယူ မလုပ်ဘူးလို့ သူရဲ့ အင်တာဗျူး အစီအစဉ်တွေမှာ အမြဲလို ပြောဆိုနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

