ရေး၊ ဩဂုတ် ၁၃
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်ထောင် ဝန်းကျင် တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးစခန်းလို့ ယူဆတဲ့ လိပ်ပုတ်၊ နတ်ကြီးနဲ့ချောထာကျေးရွာအနီး ပတ်ဝန်းကျင်တွေကို လေကြောင်းကနေ ဗုံးကြဲပြီးနောက် စက်သေနတ်
တွေနဲ့ပါ ပစ်ခတ်သွားတာပါ။
စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် လိပ်ပုတ်၊ မြင်းတပြေး၊ နယ်ပြား၊ ကင်ပွန်း၊ ချောထာ၊ နတ်ကြီးအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်ဟာ ကျောင်းရွာအပါအဝင် နီးစပ်ရာ ကျေးရွာတွေကို ကြိုတင်တိမ်းရှောင်နေရပါတယ်။
“စစ်ရှောင်တွေက ဒီနေ့လည်း ထပ်ရောက်လာတယ်။ လေကြောင်းဗုံးကြဲမှာ စိုးလို့ ရှောင်လာကြတာ၊ အများစုကတော့ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတော်စပ်တဲ့ နေအိမ်တွေမှာ နေနေကြတယ်”လို့ ကျောင်းရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရေးမြို့နယ် မြောက်ပိုင်းဒေသမှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ကြားကနေ ဒေသခံပြည်သူတွေဟာ မိုးထဲရေထဲ စစ်ဘေးရှောင်နေကြရပါတယ်။
ရေးဘီလူးစခန်းလို့ ယူဆခံရတဲ့ နေရာ သုံးခုအား စစ်တပ်ဗုံးကြဲမှုမှာတော့ ဥယျာဉ်ခြံတွေနဲ့ ရော်ဘာခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ အခုနှစ်ဆန်းပိုင်းကစလို့ အာဏာသိမ်း စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

