မော်လမြိုင် ၊ ဩဂုတ် ၁၄

မွန်ပြည်နယ်မှာ စစ်တပ်အသွင်းပြောင်း မွန်ပြည်နယ်အစိုးရက ကုမ္ပဏီ နှစ်ခုကို အမည်မည်း စာရင်း Black List ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အမည်မည်း စာရင်း Black List ထည့်သွင်း ခံရတဲ့ ကုမ္ပဏီတွေဟာ ရန်ကုန်အခြေစိုက်ကုမ္ပဏီတွေဖြစ်တဲ့ MYAT THAW MON Company Limited နဲ့ S ONE Company Limited တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီကုမ္ပဏီ နှစ်ခုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအ‌ဝေး အမှတ်စဉ် ၂၀/၂၀၂၆ရဲ့ ဆုံးဖြတ်ချက် ၁၁ အရ Black List ထည့်သွင်းရတာလို့ ဆိုထားပါတယ်။

အဲဒီကုမ္ပဏီ နှစ်ခုကို အမည်မည်း စာရင်း Black List ထည့်သွင်းတာနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းကြောင်းကြောင့် အမည်မည်း စာရင်း Black List ထည့်သွင်းရလဲဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

Black List ထည့်သွင်းခံရတဲ့ MYAT THAW MON Company Limitedနဲ့ S ONE Company Limited တို့ဟာ ရေဆိုးစုဆောင်းတာ၊ သန့်စင်တာ၊ စွန့်ပစ်တာတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီ နှစ်ခုလုံးဟာ အဆောက်အဦးတွေ ဆောက်လုပ်တာ၊ မြို့ပြ အင်ဂျင်နီယာ လုပ်ငန်းတွေ လုပ်ကိုင်တာအပြင် အဆောက်အဦးနဲ့ မြေယာ ရှုခင်း အလှအပ၊ သစ်ပင် ပန်းမန် စိုက်ပျိုးတာတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကတော့ အွန်လိုင်း မှတ်ပုံတင် စနစ်မှာ ဖွဲ့စည်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစား လိုက်နာရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ အခြား တည်ဆဲ ဥပဒေနဲ့ နည်းဥပဒေတွေကို လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ အများပြည်သူ သိရှိအောင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.