မြဝတီ၊ သြဂုတ် ၁၄
ကရင်ပြည်နယ် မြဝတီမြို့မှာ ငါးဂိမ်းရုံ ငါးဂိမ်းလောင်းကစားတာတွေကို အမာခံသတင်းပေးတွေဆီကနေ သတင်းရရှိပါက ဖမ်းဆီးရမိရေး အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်တပ် အသွင်းပြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက ပြောပါတယ်။
မြဝတီမြို့မှာ လောင်းကစားငါးဂိမ်းရုံတွေ ပပျောက်အောင် စီမံချက်တွေနဲ့ ဖမ်းဆီးအရေးယူဖို့ အစီအစဉ် ရှိ၊ မရှိ မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းထွေးရဲ့ မေးမြန်းမှုကို ဗိုလ်မှူးကြီးစိုးမိုးဝင်းက ပြန်လည်ဖြေကြားခဲ့တာပါ။
မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ ငါးဂိမ်းလောင်းကစားရုံတွေ အများအပြားဖွင့်လှစ်ထားပြီး ငါးဂိမ်းရုံက ဆူညံသံတွေကြောင့် ပတ်ဝန်းကျင်မှာ အနှောင့်အယှက်ဖြစ်တာ ကျောင်းသားလူငယ်တွေ ပညာရေးထိခိုက်နိုင်ပြီး လောင်းကစားငါးဂိမ်းရုံမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်မှုရှိနေလို့ လူငယ်လူရွယ်တွေ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တာကြောင့် အနာဂတ်မဲ့ ပျက်စီးလာတာတွေ ရှိနေတယ်လို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအေးမင်းထွေးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့မှာ ခိုးဆိုးလုနှိုက်ပြုလုပ်သူတွေဟာ ငါးဂိမ်းလောင်းကစားရုံမှာ ခိုအောင်းနေပြီး ညအချိန်မှာ အပြင်ထွက်ကာ ခိုးဆိုးလုနှိုက်တာတွေ နေအိမ်ဖောက်ထွင်းခိုးယူတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဦးအေးမင်းထွေးက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
ဗိုလ်မှူးကြီးစိုးမိုးဝင်းကတော့ ငါးဂိမ်းရုံနဲ့ လောင်းကစားမှု ပပျောက်ရေးအတွက် အဖွဲ့စုံနဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ လှည့်ကင်းပတ်ကင်းတွေဆောင်ရွက်တာ အမာခံသတင်းပေးတွေဆီက ကြိုတင်သတင်းရယူမှုကနေ ဖမ်းဆီးရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဖြေကြားခဲ့တာပါ။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လ ၄ ရက်နေ့အထိ မြဝတီခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း ငါးဂိမ်းလောင်းကစားမှု ၁၃ မှုကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ငါးဂိမ်းလောင်းကစားပြုလုပ်သူ ၁၆၄ ဦးကို ဖမ်းဆီးအရေးယူထားကာ ဂိမ်းခုံ ၇၉ ခုံနဲ့ ငွေကျပ် သိန်း ၂၀ ကျော် သိမ်းဆည်းခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုးမိုးဝင်းက ပြောပါတယ်။
မြဝတီမြို့ခံတစ်ဦးကတော့ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း ဖြေဆိုထားတဲ့ ဖမ်းဆီးအရေးယူမှု ၁၆၄ ဦးနဲ့ သိမ်းဆည်းမှု ဂိမ်းခုံ ၇၉၊ ငွေကျပ် သိန်း ၂၀ ကျော် အရေအတွက်ကိန်းဂဏန်းဟာ မြေပြင်မှာ ဂိမ်းရုံတစ်ရုံစာလောက်ပဲရှိပြီး မြို့ပေါ်မှာ ဂိမ်းရုံ ရာနဲ့ချီ၊ ပြည့်တန်ဆာရုံ ရာနဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။
ငါးဂိမ်းလောင်းကစားရုံတစ်ခုကို လောင်းကြေး သိန်း ရာနဲ့ချီရှီပြီး အဲဒီငါးဂိမ်းလောင်းကစားရုံတွေအားလုံးကို BGF ၊ DKBA ၊ PC အဖွဲ့တွေက ရာထူးအနိမ့်ဆုံး ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးအဆင့်တွေအထိ ရှယ်ယာပါဝင်နေကြသလို ဂိမ်းရုံလုံခြုံရေးတွေပါ ယူပေးထားကြတယ်လို့ မြဝတီမြို့ခံတွေက ဆိုကြပါတယ်။
မြဝတီမြို့ပေါ်မှာ ငါးဂိမ်းလောင်းကစားရုံတွေကို ဖမ်းချင်ပါက လက်ညိုးထိုးမလွဲဖြစ်ပြီး ငါးဂိမ်းလောင်းကစားရုံတွေဟာ ရဲ၊ ထွေအုပ်၊ စစ်တပ်၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူး စတဲ့ အဖွဲ့စုံတွေကို ငွေကြေးပေးကာ လုပ်ကိုင်ခွင့်ရရှိပြီး ပူးပေါင်းလုပ်နေကြတာဖြစ်တယ်လို့ မြဝတီမြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

