နေပြည်တော် ၊ ဩဂုတ် ၁၄
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့မှုအတွင်း ရွေးကောက်ပွဲမတိုင်ခင် ကာလတွေနဲ့ လက်ရှိ ကာလတွေမှာ အရပ်သားတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်နေဆဲလို့ နိုင်ငံတကာနဲ့ ဒေသတွင်းအခြေစိုက် အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။
မြန်မာစစ်တပ်ကနေ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ တိုးမြင့်ခဲ့ပြီး ဒီကနေ့ထိလည်း လျေ့ကျမသွားဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က ဩဂုတ် ၁၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
IIMM ရဲ့ ၂၀၂၆ ခုနှစ်အတွက် လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ နှစ်ပတ်လည် အစီအရင်ခံစာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်ကနေ ၂၀၂၆ ခုနှစ် ဇွန်အထိ စုံစမ်းစစ်ဆေးထားတဲ့ အထောက်အထားတွေကို အခြေခံထားတာ ဖြစ်ပါတယ်။
အစီရင်ခံကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုဆိုးရွားလာမှုနဲ့အတူ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ခံနေရဆဲဖြစ်တယ်လို့ IIMM က ထောက်ပြထားတာပါ။
မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
IIMM က စုဆောင်းရရှိထားတဲ့ အထောက်အထားတွေအရ မြန်မာစစ်တပ်က သမားရိုးကျ စစ်လေယာဉ်တွေကို အသုံးပြုတဲ့အပြင် ပါရာမော်တာ (စက်တပ်လေထီး)၊ ဂျိုင်ရိုကော်ပတာ (ရဟတ်ယာဉ်အငယ်စား) နဲ့ မောင်းသူမဲ့လေယာဉ် ဒရုန်းတွေကို လေကြောင်းစစ်ဆင်ရေးတွေမှာ ပိုမိုအားထားနေတာပါ။
အဲဒီလိုမျိုး သမားရိုးကျ မဟုတ်တဲ့ ကုန်ကျစရိတ်သက်သာတဲ့ လေယာဉ်တွေကို မြန်မာစစ်တပ်က အသုံးပြုပြီး မော်တာကျည်တွေ အပါအဝင် ပစ်မှတ်ထိန်းမထားတဲ့ ဗုံးတွေကို လေယာဉ်ပေါ်ကနေ ပစ်ချနိုင်တဲ့ အနိမ့်ပျံ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်တပ်အနေနဲ့ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် မဲဆန္ဒနယ်မြေတွေကို ချဲ့ထွင်နိုင်ဖို့ အရပ်သားတွေရှိတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ထောက်ပြပါတယ်။
IIMM ရဲ့ အစီရင်ခံစာအရ မိုင်းတွင်းလုပ်ငန်းအဆောက်အအုံတွေ ဈေးဆိုင်တွေနဲ့ စီးပွားရေးဆိုင်ရာပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်မှုအများစုဟာ အနီးပတ်ဝန်းကျင်မှာ စစ်ရေးပစ်မှတ် တစ်စုံတစ်ရာ မတွေ့ရှိရတဲ့ နေရာတွေမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားအဆောက်အအုံတွေအများအပြား ပျက်စီးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအရေအတွက် များပြားခဲ့ကြောင်း တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခြင်း မရှိတဲ့အပေါ် တိုင်းရင်းသားအဖွဲ့တွေကို အပြစ်တင်တဲ့ ပုံစံမျိုးဖြစ်အောင် စစ်တပ်က အရပ်သားပစ်မှတ်တွေကို ရွေးချယ် သတ်ဖြတ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိဘူး။ ဒါကိုပဲ စစ်တပ်က အားသာချက်အဖြစ်နဲ့ ယူပြီးခါမှ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီးတော့ အကြောက်တရားသွင်းတာပေါ့။ ပြီးရင်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ဒီတော်လှန်ရေးကြောင့် ငါတို့ (ပြည်သူတွေ) အသတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် အရပ်သားပြည်သူကိုပဲ ရွေးချယ်သတ်ဖြတ်ရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်ဗျ”လို့ ဆိုပါတယ်။
IIMM ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာစစ်တပ်က နှစ်ကြိမ်ဆင့်တိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ပိုမိုဆိုးရွားလာတာပါ။ အဲဒီနည်းလမ်းဟာ ပထမတစ်ကြိမ်တိုက်ခိုက်ပြီးနောက် အချိန်တိုအတွင်းမှာပဲ လေကြောင်းကနေ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အစီရင်ခံကာလအတွင်း မြန်မာစစ်တပ်က အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အချုပ်စခန်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များစွာလုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ရခိုင်၊ ကရင်နီနဲ့ ချင်းပြည်နယ်အပြင် မန္တလေးတိုင်းတို့မှာ အဲဒီတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့တာပါ။
တစ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့တွေက စစ်ကြောရေးတွေ ရဲစခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်တချို့မှာ ဖမ်းဆီးခံထားရသူတွေအပေါ် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ IIMM ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒီလိုမျိုး စစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကို ရရှိထားတယ်လို့ IIMM က အသိပေးထားပြီး ထိခိုက်ပျက်စီးမှုတွေအပါအဝင် အရပ်သားသေဆုံးမှုတွေနဲ့ဆိုင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုတော့ အစီရင်ခံစာမှာ ထည့်သွင်းထားခြင်း မရှိခဲ့ပါဘူး။
တစ်ဘက်မှာ ရွေးကောက်ပွဲအလွန်ကာလ အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်း အရပ်သားနဲ့အများဆိုင်ရာပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တာတွေ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်အနေနဲ့ အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်ရေးပုံစံ ပြောင်းထားပေမယ့် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအပေါ် တာဝန်ခံမှု ပျောက်သွားမှာ မဟုတ်ဘူးလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူနေထူထပ်တဲ့နေရာတွေမှာ အင်အားပြင်း ပေါက်ကွဲစေတဲ့ လက်နက်တွေကို ထပ်ခါတလဲလဲ အသုံးပြုနေတာတွေ အရပ်သားနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားမှု မရှိဘူး။ အရပ်သားထိခိုက်မှုတွေကို လျှော့ချဖို့ ကြိုတင်ကာကွယ်မှုတွေ မလုပ်ဘူး။ စတာတွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သေချာပေါက် သတ်မှတ်နေရလိမ့်မှာဖြစ်မယ်။ အခုလည်း သတ်မှတ်နေရမယ်၊ နောင်လည်း သတ်မှတ်နေရမယ်။ ဒီအပေါ်မှာလည်း ဒီစစ်အုပ်စုက တာဝန်ယူနေရမှာဖြစ်တယ်”လို့ ဆိုပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၄ ဦးနဲ့ ကလေးသူငယ် ၈ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီတောင်ပိုင်းဒေသမှာ ပထမခြောက်လတာအတွင်း လူနေကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ၄၃ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၄ ဦးလည်း ရှိခဲ့တာပါ။
၂၀၂၁ အာဏာသိမ်းချိန်ကစပြီး ၂၀၂၆ ခုနှစ်အထိ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် တောင်ပိုင်းဒေသမှာ အမျိုးသမီး ၂၇၀ ကျော် နဲ့ ကလေးသူငယ် ၉၉ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၈၅၀ ကျော်ရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့ လုပ်ရပ်တွေက အရပ်သားထိခိုက်မှုတွေကို မတော်တဆဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ မျက်ကွယ်ပြုလို့ မရတော့ဘဲ အရပ်သားတွေကို လုံးဝ သေစေချင်လို့ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေသာ ဖြစ်တယ်လို့ နိုင်အဲမွန်က မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

